ဗန်းမောက်မြို့တွင် SNA တပ်ဖွဲ့ဝင်လေးဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် နိုဝင်ဘာ ၂ ရက်က ရှမ်းနီအမျိုးသားများ လက်နက်ကိုင်အဖွဲ့ (SNA) မှ ဒုဗိုလ်အဆင့်ရှိသူ တပ်ဖွဲ့ဝင်လေးဦးအတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဗန်းမောက်မြို့ ARGI စားသောက်ဆိုင်အတွင်း ဆက်ကြေးပေးမည့် အရပ်သားအသွင်ဖြင့် ဆက်သွယ်ချိန်းဆိုခဲ့ပြီးနောက် SNA မှ ဒုဗိုလ်အဆင့်ရှိ မိုးကြိုးပါလေးဦး ရောက်ရှိလာသဖြင့် ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ထံမှ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဗန်းမောက်မြို့ လွှစင်ကုန်းရပ်ကွက်ရှိ မိုးကြိုးငှားရမ်း နေထိုင်သည့် နေအိမ်အား ထပ်မံဝင်ရောက် ရှာဖွေခဲ့ရာ မိုးကြိုး၏ ဇနီးဖြစ်သူ နန်းအိဖြူ (ခ) နန်းချောရီအား တွေ့ရှိခဲ့ပြီး ဆက်စပ်သက်သေခံ ပစ္စည်းများ ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
SNA တပ်ဖွဲ့ဝင်လေးဦးထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ ပစ္စတိုသေနတ် လေးလက် အပါအဝင် ကျည်အိမ်ငါးခု၊ ပွိုင့် ၄၅ ကျည် ၁၄ တောင့်၊ ၉ မမကျည် ၇၂ တောင့်၊ ဘီအေ ၉၁ အမျိုးအစား လက်ပစ်ဗုံး နှစ်လုံး၊ ဖုန်းများ၊ စကားပြောစက်များ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက်မြို့မရဲစခန်းက SNA မှ တပ်ဖွဲ့ဝင်လေးဦး၊ အမျိုးသမီး တစ်ဦးတို့အား (ပ)၅၀/၂၀၂၀၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)/၁၇(၂) ဖြင့် အရေးယူထားသည်။
https://news-eleven.com/article/197239

No comments:
Post a Comment