Friday, November 6, 2020

ရခိုင်စစ်ရေးပဋိပက္ခကြောင့် အရပ်သားတွေ အိုးအိမ်စွန့် ထွက်ပြေးနေရဆဲ

 လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုတချို့မှာ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက် စစ်ဆေးနေတာတွေကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီနေ့အထိဆိုရင် ထွက်ပြေးလာသူ ၁,၀၀၀ ကျော်လောက် ရှိနေပြီလို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

"ကျနော်သိရသလောက်ကတော့ စစ်တောအုပ်စု သိုင်းချောင်းအုပ်စု ဆင်ပုတ်အုပ်စု တို့က လူတွေ အကုန်လုံးဟာ ကျောက်ဖြူကို ထွက်ပြေးလာကြတယ်။ ကျနော်အခု ကျောက်ဖြူကို ရောက်နေပါတယ်ခင်ဗျ။ အဲဒီစစ်ရှောင်စခန်းတွေကို သွားကြည့်တဲ့ အခါကျတော့ လူဦးရေ စုစုပေါင်းကတော့ ၁,၀၄၂ ယောက်ရှိပါတယ်။"

ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဦးကျော်သိန်းမောင်ကတော တပ်မတော်စစ်ကြောင်းတွေ ရွာထဲဝင်လာပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် ထွက်ပြေးလာရတာဖြစ်တယ်လို့ ပြောပါတယ်။"ကျနော်တို့က ၁၁ လပိုင်း ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ထွက်ပြေးလာကြတာ။ စစ်သားတွေက ကျနော်တို့ ရွာကို လေးနာရီလောက်ကတည်း ရောက်နေတာ။ ပြီးတော့ သူတို့က တွေ့သမျှလူအကုန်လုံးကို လိုက်ဖမ်းတယ်။ တောင်တွေကိုလည်း သေနတ်နဲ့ ပစ်တယ်။ အဲဒီတော့ ရွာသားတွေကလည်း မနေရဲတော့ ဟိုပြေး၊ ဒီပြေးနဲ့ အကုန်လုံးပြေးကြရတယ်။"

ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာ ဒုက္ခသည်စခန်းကို ရောက်လာတဲ့ ဦးကျော်သိန်းမောင်ကတော့ ထွက်ပြေးလာရတဲ့ အချိန်မှာ မိသားစုနဲ့ တကွဲတပြား ဖြစ်ခဲ့ရပြီး ဒီကနေ့အထိ အဆက်အသွယ် မရသေးဘူးလို့လည်း ပြောပါတယ်။

"ကျနော့်မှာ မိသားစု ခြောက်ယောက်ကျန်ခဲ့တယ်။ အိမ်မှာ ကျနော်နဲ့ အတူတူ ပါမလာဘူး။ ပြေးလာတုန်းက ကျနော်က နောက်တစ်နေရာရောက်နေတာ သူတို့က ကိုယ့်အိမ်မှာပဲ ကျန်ခဲ့တာ။ ပြေးလို့လည်း မရဘူး။ သူတို့က ကလေးတွေ၊ ဘာတွေနဲ့ ဆိုတော့လေ။ မိသားတွေ ကျန်ခဲ့တော့ စိတ်ပူတာပေါ့ဗျာ။ ကျနော်က သွားလို့မှ မရတာ ဘယ်နည်းနဲ့ ဘယ်လို သွားရမလဲဆိုတာကိုလည်း မသိဘူး။ ဖုန်းဆက်လို့လည်း မရဘူး။ သူတို့က ဖုန်းတွေအကုန်လုံးကို သိမ်းထားတာလေ။"

တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော် တာဝန်ရှိသူကိုတော့ ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

လက်ရှိအချိန်မှာ ကျောက်ဖြူမြို့နယ်နဲ့ စနဲမြို့နယ်ကြားမှာ တပ်မတော်စစ်ကြောင်းတွေက လုံခြုံရေး တင်းကြပ်ထားတာကြောင့် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေသလို ဇိုင်ချောင်းကျေးရွာက ဒေသခံတချို့နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်ကပြောပါတယ်။

"ကျနော်အဲဒီ့ကိစ္စကို စုံစမ်းကြည့်တော့ အဲဒီလူတွေက ဒီနေ့အထိ လွတ်လာတယ်ဆိုတာ မရှိသေးဘူး။ ကျနော်အရင်က ဆက်သွယ်ကြည့်တဲ့ သူတွေလည်း ဖုန်းပိတ်ထားတာကို တွေ့ရတယ်။ ဖုန်းပိတ်ထားတာလား၊ ဖမ်းဆီးခံရတာလား၊ အခုထိ ဆက်သွယ်လို့ မရသေးဘူး။ ကျနော်နောက်ဆုံးကြားရတာကတော့ အဲဒီလူတွေ အဲဒီအတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ သတင်းပဲကြားရတယ်။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်နေရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပါတယ်။

https://burmese.voanews.com/a/rakhine-conflict/5650525.html

No comments:

Post a Comment