Wednesday, November 25, 2020

"ရွေးကောက်ပွဲမှာ NLD က နိုင်သွားတာပဲ။ အရင်ကလိုပဲ အချိုး ချိုးလိမ့်မယ်လို့ ထင်တယ်။ တိုင်းပြည် သိက္ခာကျတာကို ခံရဦးမှာ။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာရော တောင်းဆိုချက်တွေ အပေါ်မှာရော လိုက်လျောတယ်ဆိုတာက သိပ်မထင်ဘူး"

 "ရွေးကောက်ပွဲမှာ NLD က နိုင်သွားတာပဲ။ အရင်ကလိုပဲ အချိုး ချိုးလိမ့်မယ်လို့ ထင်တယ်။ တိုင်းပြည် သိက္ခာကျတာကို ခံရဦးမှာ။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာရော တောင်းဆိုချက်တွေ အပေါ်မှာရော လိုက်လျောတယ်ဆိုတာက သိပ်မထင်ဘူး"

By ရန်ကုန်ခေတ်သစ်
မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံးICJ ၏ ကြားဖြတ်အမိန့်အရ ၆ လတစ်ကြိမ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များကို အစီရင်ခံစာ တင်သွင်းနေရရာ ဒုတိယအကြိမ်မြောက် အစီရင်ခံစာကို ICJ ထံသို့ နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတကာရေးရာကျွမ်းကျင်သူ ၊ တပ္မဒီပ အင်စတီကျူ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အစိုးရ ICJ ကို ကြားဖြတ်အမိန့်အရ ပုံမှန် အစီရင်ခံစာ တင်နေတာ ၂ ခါရှိပြီ။ တစ်လျှောက်လုံး ဘာမှလည်း မထုတ်ပြန်တော့ ဘယ်လိုသုံးသပ်လို့ရလဲ။
ဖြေ။ ။ နှစ်ပိုင်းဖြေမယ်လေ။ နိုင်ငံတွေက ဒီလိုကိစ္စဖြစ်လာတယ်ဆိုရင် အများသဖြင့်ကတော့ ICJ Report ကို Public ကို အသိပေးတာပဲပေါ့။ တရားရုံးဆိုပေမယ့် ဒါက လျှို့ဝှက်တရားရုံးမှမဟုတ်ပဲ။ လူတွေလည်း သိစေမယ်။ စာနယ်ဇင်းလည်းသိစေမယ်။ ကမ္ဘာလည်းသိအောင်တော့ ကိုယ့်ချေပချက်ကိုတော့ သိစေချင်တာပဲလေ။
ဒါပေမယ့် မြန်မာအစိုးရက အဲလိုမဟုတ်ဘူး။ နောက်ပြီးတော့ ICJ ရဲ့ ဆုံး ဖြတ်ချက်တွေအပေါ်မှာရော တောင်းဆိုချက်တွေ အပေါ်မှာရော လိုက်လျောတယ်ဆိုတာက ကိုယ်သိပ်မထင်ဘူး။ ဟိုဘက်က နိုင်ငံခြားမှာရှိတဲ့ CSO တွေက ပြောနေတယ်။ ဘာမှလည်း လိုက်လျောမှုမရှိဘူးတဲ့။ သူတို့က Report တင်တယ်။ အဲဒီအထဲမှာ ဘယ်လောက်လိုက်လျောလဲ၊ မလိုက်လျောလဲ ဘယ်သူမှ မသိရဘူး။ ဒီလိုပဲ ဆက်သွားလိမ့်မယ်လို့ထင်တယ်။
မေး။ ။ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ ICOE လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က နောက်ဆုံးအပြီးသတ်အစီရင်ခံစာအရ အရေးယူမှုတွေ လုပ် ဆောင်နေပြီဆိုတော့လည်း အစိုးရက သတင်းထုတ်ပြန်ထားတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်လဲ။
ဖြေ။ ။ ICOE ဆိုတာကတော့ စင်ပြိုင်ပဲ။ ဘယ်လောက်ထိရောက်လဲ၊ မထိရောက်လဲ အရေးမကြီးဘူး။ နိုင်ငံတကာက ကိုယ့်ကိုတစ်ဖက်က အရေးယူနေလို့ တစ်ဖက်က ကိုယ့်ကို အရေးယူစရာမလိုဘူး ကျနော်တို့ မြန်မာအစိုးရအနေနဲ့ ကိုယ့်ဟာကို လုပ်နေပါတယ်ဆိုတာကို ပြချင်တာပဲရှိတယ်။
ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ICOE က တန်ဖိုးကို မရှိတာ။ ICOE ဆိုတာက စကားထဲတောင် ထည့်ပြောစရာမလိုဘူး။ ဒါပေမယ့် သူက အဲဒီအကာယူထားတာ။
အဲဒီရဲ့ အချက်အလက်ကို ကြည့်ခြင်းအားဖြင့် သူတို့ ICJ ကိုလည်း ဒီအတိုင်းပဲ အစီရင်ခံစာ တင်မှာပဲလေ။ သိထားဖို့ဟာက ICOE နဲ့ ICJ က ဆီနဲ့ ရေလိုကွာတာ။ ICOE ဆိုတာက ကိုယ့်ဟာကိုယ် လက်သပ်မွေးထားတာ။
ICJ က အပြည်ပြည်ဆိုင်ရာ အဲဒီလို လုပ်လို့ရမယ်တော့ မထင်ဘူးလေ။ ဒါပေမယ့် သူတို့က နိုင်ငံတကာ ရှေ့နေတွေ ငွေမြောက်မြားစွာ အကုန်ခံပြီးတော့ ငှားထားတာပဲ။ ဟိုက လူတွေက ဘယ်လိုအကြံပေးလဲတော့မသိဘူး။
Transparent မဖြစ်ဘူး။ ထင်သာမြင်သာမရှိဘူး။ ကြိတ်ပြီးတော့ လုပ်နေတာပဲ။ အဲဒါတွေကို လူတွေက မကြိုက်တာ။
မေး။ ။ ICJ အစီရင်ခံစာကို နှစ်ကြိမ်စလုံး လျှို့ဝှက်စွာ လုပ်နေတာက ဒီအပေါ်မှာ နိုင်ငံတကာ ယုံကြည်မှု ဘယ်လိုဖြစ်နိုင်မလဲ။
ဖြေ။ ။ ဟုတ်တယ်။ ယုံကြည်မှု လျှော့တယ်။ နဂိုကမှ အစကတည်းက ကိုယ်က သိက္ခာကကျနေပြီ။ တရားခံလည်းဖြစ်တယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အဆင့်ဆင့် သူတို့ ကာဆီးကာဆီး လုပ်ခဲ့တာပဲ။ အဲဒါကြောင့် ICJ ရောက်တာပေါ့။
နို့မို့ဆိုရင် UN အဖွဲ့တစ်ဖွဲ့နဲ့တင် ပြီးနိုင်တယ်။ မပြီးလို့ ICJ ရောက်ရတယ်။ အခုလည်း ဒီလိုပဲ။ အမှုရင်ဆိုင်နေတဲ့ အချိန်မှာပဲ ပွင့်လင်းမြင်သာမှုက မရှိဘူး။ မထုတ်ပြန်ဘူး။ ဆိုတော့ ဟိုက ဖွင့်သာ မပြောတာ ပိုပြီးတော့ သိက္ခာကျနေတာပဲ။ မကောင်းဘူး။ အလားအလာတွေက မကောင်းဘူး။
အခု ပြောမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ NLD အစိုးရက နိုင်သွားတာပဲ။ နေမြဲပဲ ။ အရင်ကလိုပဲ အချိုး ချိုးလိမ့်မယ်လို့ ကိုယ်ထင်တယ်။
Mandate ပိုရလာလို့ လူထုထောက်ခံမှု ရှိလို့ ပိုပြီးတော့များ ကောင်းအောင်များ လုပ်မလားပေါ့ကွာ။ အဲဒီလိုတော့ မျှော်လင့်လို့တော့ရတာပေါ့။ စောင့်ကြည့်လို့တော့ရတာပေါ့။ ကိုယ်ထင်တာတော့ အလားအလာတွေက မကောင်းဘူး။
မေး။ ။ အမေရိကန်မှာလည်း အစိုးရအသစ် အပြောင်းအလဲဖြစ်လာနိုင်တော့ လူ့အခွင့် အရေးနဲ့ပတ်သက်လို့ မြန်မာအပေါ် ဖိအားပေးတာတွေရှိလာနိုင်လား။
ဖြေ။ ။ အဲဒါကတော့ ထရမ့်ထက်တော့ သာတာချည်းပဲ။ ဘယ်အစိုးရတက်တက် သမ္မတထရမ့်ထက်တော့ သာတာပဲလို့ ပြောရမှာပဲ။ စောင့်ကြည့်ရမှာပေါ့။ ဒီမိုကရက်တွေက သမိုင်းအစဉ်အလာအရလည်း ပိုပြီးတော့ အဆင်ပြေတယ်လေ။ ထရမ့်က အမေရိကန်မိတ်ဆွေတွေက ပြောတယ်။ အားလုံးက လက်မြှောက်ရတယ်။
အားလုံး အော်ကြောလန်ရတာလေ။ ဘာမှကို လုပ်လို့မရဘူး။ ထရမ့်က မြန်မာပြည်ကိုလည်း သိပ်ဂရုမစိုက်ခဲ့ဘူး။ အခု ဘိုင်ဒင်တက်လာတယ်။ မြန်မာပြည်အတွက်ဘယ်လို အကျိုးသက်ရောက်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ်။ တချို့ကတော့ မျှော်လင့်ကြတာပေါ့။ စောင့်ကြည့်ရမှာပဲ။
တစ်ခုလေး ထူးခြားတာက အမေရိကန်ရေတပ်က အင်ဒိုပစိံဖိတ်သမုဒ္ဒရာမှာ ရေတပ်တစ်ခုထပ်ဖွဲ့မယ်။ အဲဒါက မြန်မာပြည်အတွက် လှုပ်ရှားမယ်ဆိုရင်တော့ ပိုပြီးတော့ နီးကပ်တာပေါ့။ ဗျူဟာ အရ သူ့ဟာသူ လုပ်တဲ့ဟာပါ။
မေး။ ။ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အမေရိကန်အစိုးရသစ်ဆိုရင် မြန်မာအနေနဲ့ ဘယ်လိုရင်ဆိုင်ရနိုင်လဲ။
ဖြေ။ ။ သူက ကဏ္ဍတွေက ခွဲထားတယ်လေ။ State Department မှာကို လူ့အခွင့် အရေး သံအမတ်ကြီးရှိတယ်။ နောက်ပြီးတော့ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာလည်း သပ်သပ်ရှိတယ်။ သူတို့အနေနဲ့က အစီရင်ခံစာတွေ ထုတ်နေမှာပဲ။ သမ္မတပြောင်းသွားလို့ အစိုးရပြောင်းသွားလို့ ဒါတွေက နိုင်ငံတွေကို အဆင့်တွေ ပေးထားတယ်လေ။ အဆင့်လျှော့ချတာတို့ တက်တာတို့တော့ ရှိတာပေါ့။
မြန်မာပြည်အတွက်က ထူးထူးခြားခြား ပြောင်းလဲဖို့ မရှိသရွေ့ကတော့ သူတို့ဘက်က ပြောင်း လဲ မယ်မထင်သေးဘူး။ ၂၀၂၁ ကိုစောင့်ကြည့်ရမယ်။ ဒီဘက်ကလည်း NLD အစိုးရသစ်ပေါ့။ အမေရိကန်ဘက်ကလည်း ဘိုင်ဒင်အစိုးရသစ်တက်မယ်။ ဆိုတော့ နည်းနည်းလေးတော့ စိတ်ဝင်စားတယ်။ စောင့်ကြည့်ရမှာပဲ။
မေး။ ။ ICJ ကိစ္စက လာမယ့် ၂၀၂၀-၂၀၂၅ အစိုးရ သက်တမ်းနောက် တစ်ခု အတွင်းမှာ ဘယ်လိုတွေဖြစ်လာနိုင်လဲ။
ဖြေ။ ။ အဲဒါကတော့ ကိုဗစ်ကပ်ဘေးအတွင်းမှာကို ICJ က သူ့အလုပ်သူလုပ်နေတာပဲ။ တော်တော်ကို စနစ်ကျပါတယ်။ အခြေအနေက နည်းနည်းတောင် လွန်နေပြီ။ သူတို့ကလည်း(NLDအစိုးရ) အရင်နည်းတွေနဲ့ပဲ ကာမယ်။ ICOE အစီရင်ခံစာက အချိန်မရွေးထုတ်လို့ရတာပဲ။ အခုမှ ကပ်ပြီးတော့ ထုတ်တယ်။
ပြီးတော့မှ သမ္မတကို တင်ပါတယ်တဲ့။ အဲဒါက ဟိုတလောက ICJ ဘက် လှုပ်လှုပ်ရှားရှားရှိလို့ တုံ့ပြန်တာလို့ မြင်တယ်လေ။ အဲဒါကိုပဲ လက်ပါးစေကြီးလို သုံးနေတာပေါ့။ ICJ နဲ့ပတ်သက်လို့ ကတော့ ဆက်သွားဦးမှာပဲ။ နိုင်ငံတွေတောင် တိုးလာပြီ။ ဒိန်းမတ်တို့ ကနေဒါတို့ တိုးလာပြီ။ ရှောင်ဖို့ဆိုတာက သိပ်မလွယ်ဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ရှိဦးမှာပဲ။ တပ်ဘက်က ဘယ်သူတက်မလဲ ။ အဲဒါလည်း ကြည့်ဦးမှာပဲ။
တကယ် ကိုယ့်တိုင်းပြည်အတွက် စာနာတယ် ကောင်းအောင်ဖြစ်စေချင်တယ်ဆိုရင်တော့ မယ်မယ်ရရ လက်ဆုပ်လက်ကိုင်တစ်ခု လုပ်ပြရလိမ့်မယ်။ တို့ကနဲ ဆိတ်ကနဲ တုံ့ပြန်နေလို့မရဘူး။ အဲဒါတွေကို ဝမ်းလည်းနည်းတယ်။ အားလည်းမရဘူး။ ကိုယ့်နိုင်ငံက ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခုဟာက ကြာလေ နစ်လေ ဖြစ်နေတယ်။
မေး။ ။ ဆိုလိုတာက လာမယ့် ၂၀၂၅ အထိ ၅ နှစ်သက်တမ်းအတွင်းမှာလည်း နိုင်ငံ တကာ ဖိအားက ပိုများလာမယ့်သဘောလား။
ဖြေ။ ။ များလာလိမ့်မယ်။ သူတို့က ကမ္ဘာကိုလည်း ခွဲခြားပြီး ဆက်ဆံမယ်ပေါ့။ ငါတို့ရဲ့ ထာ၀ရ မိတ်ဆွေတွေရှိတာပဲ။ ဂျပန်တို့ တရုတ်၊ ကိုရီးယားတောင် ဝင်လာပြီ။ အနောက်နိုင်ငံက ကောင်တွေက ငါတို့ကို ဂရုမစိုက်ဘူး။ ငါတို့ကို Sanction တွေလုပ်မယ်။ ငါတို့ဟာ ငါတို့ နေမယ်။ ICJ က အဆိုးဆုံးဘာလုပ်မလဲဆိုတာ သူတို့ တွက်ပြီးသားလေ။
လုပ်ချင်ရာလုပ်ကွာဆိုရင် တိုင်းပြည်သိက္ခာကျတယ်။ တိုင်းပြည်သိက္ခာကျတာကို ခံရဦးမှာ။ ဒီလူတွေက ဘယ် လောက် ကြာကြာ ခံဦးမှာလဲ။ ဒါပေမယ့် တိုင်း ပြည် က နစ်နာတယ်။ အဲဒါပြောချင်တာပါ။

https://www.facebook.com/khitthitnews/posts/1072667759837236?__cft__[0]=AZXu9eXC6viCf31mhxM7n0kfvcf0AZIruHR06QYHy1YknHbSV3kw0Y9lFkw2l8SxCQEfMJEwrJgLkh6MtlMSmk1ZxsJUxiBQ4UaWYYdywOz_gbLA0ZU5wVgCPHlUAgBmkYIuQSegM7xApfHuDcbt9BMl&__tn__=%2CO%2CP-R

No comments:

Post a Comment