Wednesday, November 25, 2020

စစ်တွေတွင် AA ဗိုလ်လောင်း ၈ဦး ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား တက်သူ ၁ ဦး သဘာ၀ဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် အမှုဖွင့်ခံရ

 စစ်တွေတွင် AA ဗိုလ်လောင်း ၈ဦး ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား တက်သူ ၁ ဦး သဘာ၀ဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် အမှုဖွင့်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြု လုပ်ခဲ့ သော AA ဗိုလ်လောင်း ၈ဦးကျဆုံးခြင်း ၆နှစ်ပြည့် အောက်မေ့ဖွယ် အခမ်း အနား၌ ပါဝင်ခဲ့သူ ၁ ဦးဖြစ်သော ဦးအစံမောင်ကို စစ်တွေမြို့နယ် အမှတ် (၂) ရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဥပဒေ ပုဒ်မ ၂၅ဖြင့် ဖမ်း ဆီးအမှုဖွင့်ထားကြောင်း ဦးအစံမောင်လွတ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးသူ ရခိုင်အလင်းတံခါးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော သည်။
“ သူတို့တွေ အထိမ်းအမှတ်ပွဲ လုပ်တဲ့နေရာမှာ ပါဝင်တဲ့ ကိုအစံမောင်ကို ဖမ်း ထား တဲ့ကိစ္စမှာ ကျွန်မက သူ့ကိုလိုက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတာပါ။ ကျန်တဲ့သူတွေတော့ မပါဘူး။ ဦးအစံမောင်ကလည်း အဲအထဲမှာ ဝန်းရံတဲ့သူလေ သူက အဲထဲမှာ ဘယ်သူလုပ်တယ်ဆိုတာလည်း သူကတော့မသိဘူး။ ကောင်လေး တွေ သွားတဲ့ထဲမှာ သူကရောပြီးတော့ ပါသွားတာ သူက လမ်း လျှောက်ထွက်ရင်းနဲ့ အဲဒီဘက်ရောက်သွားတော့ သူကအဲမှာ ဝန်းရံတဲ့အထဲမှာပါသွားတယ်။ ပါသွားတော့ သူတစ်ယောက်တည်းကိုပဲဖမ်းထားပါတယ်” ဟု ၎င်းကပြောဆိုသည်။
ဦးအစံမောင်ကို နိုဝင်ဘာလ ၂ဝရက်နေ့တွက် အမှတ် (၁)ရဲစခန်းက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ရက်နေ့တွင် အမှတ် (၂)ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ လက်ရှိအချိန်အထိ အဆိုပါရဲစခန်း၌ ဖမ်းဆီးထားကြောင်း၊ လာမည့် ဒီဇင် ဘာလ ၄ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါ်ကျော့စိန်က ဆက်လက်ပြောဆိုသည်။
“ ၁၉ရက်နေ့က အထိမ်းအမှတ်ပွဲလုပ်တယ်။ ၂ဝရက် မွန်းလွဲ ၁နာရီလောက်က အိမ်ကိုလာပြီးတော့ ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လာပြီးတော့ ဖမ်းသွားတယ်လို့ပြောပါတယ်။ ပထမဖမ်းတာကတော့ အမှတ် (၁)ရဲစခန်းပေါ့။ စစ်တွေ မြို့မရဲစခန်း ကဖမ်းသွားတာ ၂၂ရက်နေ့မှာ အမှတ် (၂)ရဲစခန်းကိုပို့လိုက်တယ်။ အခုသူတို့ဖွင့်ထားတာကတော့ ဒီသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ဖြင့် အဲဒီပွဲလုပ်တဲ့ နေရာမှာသူက MASK မတပ်ဘဲနဲ့ ပါသွားတယ်ဆိုတော့ ပထမကတော့ သူတပ်တယ်လို့ပြောတယ်။ နောက်မှ သူတို့သီချင်းဆိုမယ့် အချိန်မှာ သူဖွင့်လိုက်တယ်တဲ့ အဲဒီ MASK ကိုဖွင့်လိုက်တယ်။ သူပုံတွေကတော့ အဲဒီပွဲလုပ်တဲ့နေရာမှာ သတင်းတွေမှာ တင်လိုက်တာမှာ သူ့ပုံတွေပါသွားတယ်ပေါ့။ တခြားသူတွေတော့ လူတွေမမှတ်မိဘူးထင်တယ်။ သူတို့ ဆရာအစံမောင်ကတော့ ကျွန်မတို့နဲ့အတူတူ သူကလူမှုရေးလုပ်နေတဲ့သူဆိုတော့ သူ့ကိုလူတွေသိတာပေါ့။ တခြားကလေးတွေကိုတော့ သူတို့ကမသိဘူး။ အဲတော့ သိတဲ့လူပဲလိုက်ဖမ်းတဲ့အထဲမှာ ပါသွားဆိုတော့ သိတဲ့သူပဲဖမ်းတာပေါ့။ ဒီရဲကလည်း မသိတော့သူတော့ သူတို့ရှာလို့မတွေ့ဘူးဆိုတော့ သူတို့မဖမ်းဘူး။ သူတို့ ၁၂လပိုင်း ၄ရက်နေ့ ရုံးထုတ်မှာပါ ” ဟု ၎င်းကပြောဆိုသည်။
လက်ရှိချိန်တွင် ဦးအစံမောင်ကို ကိုဗစ် ၁၉ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် မိသားစုနှင့်တွေ့ခွင့်မရသေးဘဲ ကျန်မာရေးအခြေအနေကောင်းမွန်ကြောင်း၊ ကိုဗစ် ၁၉ရောဂါ ပိုးစစ်ဆေးနေစဉ် အခြားဖမ်းဆီးထားသူများနှင့် ရော ထွေးထားသောကြောင့် ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ဒေါ်ကျော့စိန် ကပြောဆိုသည်။
၂ဝ၁၄ခုနှစ်အတွင်း ကချင်ပြည်နယ်၊ လိုင်ဇာရှိ KIA သင်တန်းကျောင်းအတွင်းသို့ တပ်မတော်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် သင်တန်းသား ၂၃ဦးသေ ဆုံးပြီး ကျဆုံးသူများတွင် AA ဗိုလ်လောင်း ၈ ဦး ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/khitthitnews/posts/1072483456522333?__cft__[0]=AZXbQAGK6T9eYI_YBS4RECzoDXXOwNgg5L-LHWRq8vJW1ifuS5D6kkGrtQ4xNUS3lr9EJo9sZTO6A0zj89NTqz8abdF5ER__Kp6geptchCINwH9nl9hflRhg0yT5NXpxHj4yiGwl6I1V-BUtbnl6wNCG&__tn__=%2CO%2CP-R

No comments:

Post a Comment