Friday, November 27, 2020

နေရပ်ပြန်သူများလာနေ၍ မြေမြုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများကို အမြန်ရှင်းလင်းရန်လို

 နေရပ်ပြန်သူများလာနေ၍ မြေမြုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများကို အမြန်ရှင်းလင်းရန်လို

ဆောင်းဇာခြည်

နိရဉ္စရာ၊ နိုဝင်ဘာ ၂၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရွေးကောက်ပွဲနောက်ပိုင်းမှ စ၍ ရပ်တန့်နေသဖြင့် ဒေသခံအများအပြားမှာ မိမိနေရပ်ပြန်နေကြသဖြင့် စစ်ပွဲဖြစ်ပွားခဲ့ရာ ဒေသတွင် ရှိနေသည့် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲဘဲကျန်နေသည့် စစ်လက်ကျန်ပစ္စည်းများကို အမြန်ရှင်းလင်းရန်လိုအပ်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ကျောက်တန်းကျေးရွာမှ ရသေ့တောင် မြို့ပေါ်သို့ စစ်ဘေးရှောင်စခန်းတွင် ထွက်ပြေးခိုလှုံနေသည့် မခင်မိုးနွယ်မှာ အချို့ဒေသခံများမှာ စစ်ဘေးရှောင်စခန်းမှ ၎င်းတို့၏ နေရပ်သို့ ပြန်လျှက်ရှိကြပြီး၊ တချို့မှာ မိုင်းအန္တရာယ်ကိုကြောက်၍ နေရပ်သို့ မပြန်ရဲဘဲဖြစ်နေကြောင်း ပြောဆိုသည်။

“အခ ုလက်ရှိတိုက်ပွဲတွေ ရပ်နေပေမယ့် ကျွန်မတို့ကတော့ ရွာကို မပြန်ရဲဘူး။ မိုင်းအခြေနေကြောင့်။ တချို့ ပြန်ကြတာတွေ ရှိပါတယ်။ မိုင်းကို ဘယ်လိုဖော်ရမယ်၊ ယူရမယ်ဆိုတာကို သိတာမဟုတ်ဘူး။ မိုင်းက ရွာနား တဝိုက်မှာ ရှိနေတာ။ ဘယ်နားက ထ ပေါက်ကွဲမယ်မှန်းမသိဘူး။ တခြားမြို့တွေမှာဆိုလည်း ယာခင်းတွေကို သွားရင်း မိုင်းပေါက်လို့ သေတာတွေ၊ ခြေပြတ်သွားတာတွေကို ကြားနေရတယ်။ ဒါကြောင့် ဒီမိုင်းတွေ၊ တိုက်ပွဲက ကျန်နေတဲ့ ဗုံးသီးတွေ၊ လက်နက်ကြီးကျည်တွေကို အမြန်ရှင်းလင်းဖယ်ရှားဖို့ လိုပါမယ်” ဟု မခင်မိုးနွယ် နိရဉ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၃ဝ ခုနှင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း သုံးသောင်း ဝန်းကျင်ရှိပြီး ယင်းထဲမှ စစ်ဘေးရှောင် ၁၅ဝဝ ခန့်မှာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လျှက်ရှိကြကြောင်း၊ သူတို့အတွက် မတော်တဆ တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသည့် ရသေ့တောင်မှ ကိုကျော်မင်းခိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ၂ နှစ်ခန့်ကြာ ဖြစ်ပွားနေသော ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ နှစ်ဘက် တိုက်ပွဲများ ယခုလ နိုဝင်ဘာလအတွင်း ရပ်တန့်နေ၍ မြို့နယ်အချို့မှ စစ်ဘေးရှောင်အချို့ နေရပ်ပြန်လျှက်ရှိကြရာ ၎င်းတို့မှာ မိုင်းအန္တရာယ်ကို အထူးစိုးရိမ်လျှက်ရှိကြကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“တိုက်ပွဲတွေအကြား ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်တွေမှာ ခြေပြတ်တာတွေကိုကြည့်ပြီး အကုန်လုံးက စိုးရိမ်နေကြပါတယ်။ သူတို့ ကိုယ်လက်အင်္ဂါချွတ်ယွင်းသွားလို့ရှိရင် လုပ်စားကိုင်စား ပျက်သွားမှာတွေမှာကိုစိုးရိမ်တယ်။ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း အများကြီးဖြစ်တာတွေကို ကိုယ်တွေ့ ဖြစ်နေကြရတဲ့ အတွက် သူတို့မှာ စိုးရိမ်မှုတွေ အများကြီးဖြစ်နေတာကို တွေ့ရတယ်။ မိုင်းထိပြီး ခြေပြတ်၊ သေဆုံးတဲ့ ဖြစ်စဉ်တွေရှိတဲ့အခါ သူတို့တော်တော် သတိထားပြီး သွားနေရတယ်ဆိုတာကို ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောပြလာတာတွေ ရှိပါတယ်။ ကျွန်မတို့ကလည်း အဲဒါတွေကို သတိပြု၊ ဂရုစိုက်ဖို့မှာ ပေးပါတယ်။ တစ်ဖက်မှာလည်း သက်ဆိုင်ရာ ဒါတွေကို အမြန်ဖယ်ရှားပေးဖို့လိုပါတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်စခန်းတည်ရှိသည့် အနီးတဝိုက် ကျေးရွာများမှ ကျေးရွာသားများမှာ နေရပ်သို့ မပြန်ရဲကြသေးဘဲ တပ်မတော်စခန်းနှင့် ဝေးသော ကျေးရွာများမှ ကျေးရွာသားအချို့မှာ နေရပ်သို့ ပြန်လျှက်ရှိကြကြောင်း ဒေါ်ခင်စောဝေက ဆက်ပြောသည်။

ကျေးရွာအနီးတဝိုက်တို့တွင် ထောင်ထားသည့် မိုင်းများအား စနစ်တကျမဖြေရှင်းလျှင် စစ်ဘေးရှောင်အများစု နေရပ်ပြန်နိုင်ရန် မလွယ်ကူကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ရွာအနီးအနားတွေမှာ သူတို့သံသယရှိတဲ့ လမ်းကြောင်းတွေမှာ မိုင်းထောင်တာတွေရှိတယ်။ ဒီမိုင်း ရှင်းလင်းရေးတွေကို စနစ်တကျမလုပ်ဘဲ ဒီလူတွေကို ပြန်ပါဆိုလို့ကတော့ ဘယ်နေရာမှာ ဘယ်အနေအထားရှိမှန်းမသိဘူးလေ။ အကုန်လုံး ဒုက္ခရောက်ကြမယ်။ တောတောင်တွေကို မှီခိုပြီး စားသောက်နေကြရတဲ့ ရွာသားတွေမှာ ရွာကိုပြန်ပြီးမှ တဂျိမ်းဂျိမ်း ပေါက်နေရင် မလွယ်ဘူးလေ။ နောက်ပြီး ပြိုင်းတိုင်းတို့၊ တင်းမတို့၊ တခြားရွာတွေ မီးရှို့ခံထားရတယ်။ ငြိမ်းချမ်းရေးတစ်ခုခုနဲ့ အပစ်ခတ်ရပ်စဲမှုကို ကာလတစ်ခုထိလုပ်ထားရင်တောင်မှ သူတို့က လတ်တလောအခြေနေမှာ ပြန်နိုင်ကြဖို့ မလွယ်ဘူး။ အိမ်ပြန်ဖို့လူမှာ တချို့မှာ အိမ်မရှိကြတော့ဘူး။ ပြာပုံပေါ်မှာ လတ်တလော ရပ်တည်ဖို့က မလွယ်ဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

တည်ငြိမ်သည့် အချိန်ကာလတစ်ခုသို့ရောက်လျှင် အစိုးရနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကာ လူထုဘဝပြန်လည်ထူထောင်ရေးကိစ္စကို စနစ်တကျ ထည့်သွင်းစဉ်းစားပေးမှသာလျှင် စစ်ဘေးရှောင်အများစု နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲ၍ အနည်းဆုံး လူပေါင်း ၃ဝ ကျော်သေဆုံးကာ ၆ဝ ကျော် ဒဏ်ရာရရှိထားသည်။

နှစ်ဘက်တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည့် စစ်ဘေးရှောင် နှစ်သိန်းသုံးသောင်း ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ချက်အရ သိရသည်။

----------------------------------

Unicode -



နိရဉ်စရာ၊ နိုဝငျဘာ ၂၇/ ၂ဝ၂ဝ













https://burmese.narinjara.com/.../5fc0c1e03f8935047dbb787...


https://www.facebook.com/narinjara.info/posts/3826061360739246

No comments:

Post a Comment