Saturday, November 7, 2020

နိုင်ငံရေးထောက်ခံမှု အငြင်းပွားရာမှ လှည်းကူး၊ ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းမှ ရိက္ခာဆန်အိတ်များ လူစုလူဝေးဖြင့် အဓမ္မယူဆောင်မှုဖြစ်ပွား

 နိုင်ငံရေးထောက်ခံမှု အငြင်းပွားရာမှ လှည်းကူး၊ ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းမှ ရိက္ခာဆန်အိတ်များ လူစုလူဝေးဖြင့် အဓမ္မယူဆောင်မှုဖြစ်ပွား

By RISE NEWS
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ၊ ဝက်အင်းပေါက်စစ်ဘေး ရှောင်စခန်း တွင် နေထိုင်သူ အချင်းချင်း နိုင်ငံရေးပါတီ ထောက်ခံမှု အငြင်းပွားရာ မှ အလှူရှင်များလှူဒါန်းထားသည့် ရိက္ခာဆန်အိတ်များနှင့် ထောက်ပံရေးပစ္စည်များအား လူစုလူဝေး ဖြင့် အဓမ္မယူဆောင်သွားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၅ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းအဆိုပါ စစ်ရှောင် စခန်းတာဝန် ရှိသူများ ထံမှ သိရသည်။
အဆိုပါ စခန်းတွင်နေထိုင်သူများအချင်းချင်း နိုင်ငံရေး ထောက်ခံမှု သဘောထား ကွဲလွဲရာမှ အဆိုပါ စစ်ရှောင် စခန်းတွင် နေထိုင် သူ ဦးအေးလှိုင်ဆိုသူ ဦးဆောင်ပြီး လူတစ်စု ရိက္ခာဆန်အိတ်များ ကို အဓမ္မဝင်ရောက် ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်း စစ်ဘေးရှောင် စခန်းမှ ဆန် ၁၂ ပြည် အိတ် ၈၀ ၊ ၂၄ ပြည်အိတ် ၃၅ အိတ်အပါအဝင် ဆီပုံးများ ၊ အဝတ်အထည်ထုတ် များအနည်းဆုံးအထုတ် ၄၀ခန့် ကို လူစုလူဝေး ဖြင့် အဓမ္မယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဝက်အင်းပေါက်စစ်ဘေးရှောင်စခန်းတွင် NGO များ၊ လာရောက်လှူဒါန်းသူ အလှူရှင်များ၏ ထောက်ပံ့ရေး ပစ္စည်းများ ကို လိုအပ်ချက်ရှိလာလျှင်ဝေငှပေးနိုင်ရန် စုဆောင်းထားလေ့ရှိပြီး အဓမ္မယူဆောင်ခံရသောဖြစ်စဉ်တွင် ပါဝင်သူများသည် အဆိုပါစခန်းအတွင်း နေထိုင်သူများသာဖြစ်ကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ကဆိုသည်။
ဆန်အိတ်များ အဓမ္မယူဆောင်မှုကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးအေးလှိုင်ဆိုသူမှာ မြိုဖွံ့ဖြိုးရေး ပါတီ နှင့်ပတ်သက်မှု ရှိကြောင်း အဆိုပါ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူ ကပြောကြားသည်။
ရွေးကောက်ပွဲကျင်းပရန် အလွန်နီးကပ်လာချိန်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် နိုင်ငံရေးပယောဂမကင်းဘဲ အဓိကရုဏ်းများဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဝက်အင်းပေါက်စစ်ဘေး ရှောင်စခန်း တာဝန်ခံ တစ်ဦးကဆိုသည်။
“ အဲ့လိုလုပ်တာကို အကြမ်းဖက်မယ့်သူတွေရဲ့သဘောထားကဘယ်လိုရှိမယ်မသိရတော့၊ ပထမ နည်းနည်းတစ်ဖြတ်ဝင် လာတဲ့သူကတော့ ၁၀ လောက်ရှိတယ်။ စခန်းမှာ စားစရာမရှိဘဲနဲ့ ခင်ဗျား တို့ဆန်တွေကိုဘာလုပ်ထားသလဲ ဆိုပြီးအဲ့ဒီလို ပြောတယ်။ စားစရာမရှိရင် ကျွန်တော်တို့ဝေကြမယ် အတူတကွမျှကြမယ်၊ အဲ့ဒီတော့ ခင်များတို့ခဏလေးတော့စောင့်ပါ၊ ကျွန်တော်တို့ထမင်းစားပြီးရင် အစည်းအဝေးထိုင်ကြမယ်၊ အစည်းအဝေးမှာလည်း ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ ခင်ဗျားတို့ကိုယ်တိုင်လည်းလာတက်လိုက်၊ပြီးတော့မှ ညှိပြီးတဲ့အခါ မျှမျှတတကျအောင် ကျွန်တော်တို့ဝေငှမယ်လို့ ပထမတစ်ကြိမ်ပြောလိုက်တယ်။ အဲ့လိုပြောပြီးတော့ သူတို့ပြန်သွားပြီး နာရီဝက်လောက်အကြာမှာ လူပေါင်း ၅၀ ကျော်လောက်က တစ်ခဲနက်ဝင်လာပြီးတော့ ခင်များတို့ပြောတာကိုနားမထောင်နိုင်ဘူး၊ အဲ့ဒီအထဲမှာရှိတဲ့ဟာက စစ်ဘေးရှောင်အတွက်ရထားတဲ့ဟာ ဆိုပြီး တော့ ရှိသမျှအားလုံးကိုယူသွားတာပါ။” ဟု ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းတာဝန်ခံ က ရှင်းပြသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားနေချိန်တွင် ရဲတပ်ဖွဲ့ နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့အားဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း ရောက်ရှိလာခဲ့ခြင်းမရှိကြောင်းသိရသည်။
ယခုဖြစ်စဉ်အား သက်ဆိုင်ရာသို့တိုင်ကြားပြီး တရားစွဲသင့် မစွဲသင့် ကိစ္စ ကို စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများမှ ဆွေးနွေးနေဆဲအခြေအနေသာရှိကြောင်းသိရသည်။
ယင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေတိုးလာချိန် နိုင်ငံရေးပါတီများ စိတ်ဝင်စားရာနေရာတစ်ခုဖြစ်လာကြောင်းလည်း စခန်းတွင်နေထိုင်သူ တစ်ဦးကပြောသည်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဝက်အင်းပေါက်ကျေးရွာစစ်ဘေးရှောင် စခန်းတွင်ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၊ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ပေါက်တောမြို့နယ် စသည့်ဒေသများမှ စစ်ဘေးရှောင်ပြည်သူများ ရွှေ့ပြောင်းရောက်ရှိနေထိုင်နေကြခြင်းဖြစ်ပြီး အဆိုပါ စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်ရာစခန်း ပေါ်ပေါက်လာသည့်ကာလမှာ ၁နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

https://www.facebook.com/khitthitnews/posts/1057755791328433?__cft__[0]=AZXL18DX_8vmXJ5nv_7tC4NdfcGq3LkWAGGEB6V4OMXPHKEVP751kL3d-I55YvV5zejsDTRUjNNH25CjflgxKsUqbbKGc4nuNFxUIN6cUCKOaQaMuAKOZnvjqUPvcvkLWU6KMEcdavinMiFWpNLJvjWn&__tn__=%2CO%2CP-R

No comments:

Post a Comment