တောင်ကုတ်မြို့နယ်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဘဏ်ငွေထုတ်လာသူတစ်ဦးထံမှ ငွေကိုမယူဘဲလူကို ဖမ်းဆီးခေါ်ဆောင်သွား
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၂၄/ ၂၀၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ CB ဘဏ်မှ ငွေထုတ်၍ ရွာသို့ ပြန်လာသည့် ပဒါကျေးရွာမှ ဒေသခံတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူအုပ်စုတစ်ခုမှ ငွေကို မယူဘဲ လူဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ပဒါကျေးရွာမှ ဦးအောင်လွင် (၃၁) နှစ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ၎င်း၏ အစ်မ တော်စပ်သူ ဒေါ်အေးအေးလွင်နှင့် တောင်ကုတ်မြို့ CB ဘဏ်မှ ပြန်လာစဉ် မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အုန်းမြင့်က ပြောသည်။
“သူ့အစ်မနဲ့အတူ ဘဏ်ကအပြန်မှာ လူ ၅ ယောက်က ဖမ်းသွားတယ်ဆိုပြီး ကျွန်တော့်ကို အဲဒီသူ့အစ်မ အေးအေးလွင်က လာတိုင်ပါတယ်။ ဖမ်းသွားတဲ့လူအုပ်စုက မျက်နှာဖုံးစွပ်ထားတယ်လို့ ပြောပါတယ်။ ဓါးရှည်နဲ့ တုတ်ချောင်းတွေ ကိုင်ထားတယ်ပေါ့။ သေနတ်တွေတော့ မပါဘူး” ဟု နိရဉ္စရာသို့ ပြောသည်။
ဦးအောင်လွင်မှာ တောင်ကုတ်မြို့ရှိ CB ဘဏ်မှ ပဒါကျေးရွာသို့ ပြန်လာစဉ် တောင်ကုတ်မြို့နယ်၊ ကမာကျေးရွာ အလွန် တောင်ကုတ်-မအီကားလမ်း မိုင်တိုင် အမှတ် -၂၄ အနီးအနားသို့အရောက်တွင် အဆိုပါ လူအုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးမောင်အုန်းမြင့်က ပြောသည်။
“သူတို့ ငွေထုတ်လာတာက ၄သိန်းကျော်။ အဲဒါကိုလည်း မယူခဲ့ဘူး။ သူ့အစ်မဆီမှာပဲ ငွေတွေကိုထားခဲ့တယ်။ လူကိုပဲ ခေါ်သွားတာ။ သူတို့မိသားစုတွေ ကျွန်တော့်ကိုတိုင်လာလို့ ကျွန်တော် ရဲစခန်းကို အကြောင်း ကြားထားပါတယ် ” ဟု သူက ဆက်ပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့နယ် လမူးရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးက ၎င်းတို့အနေဖြင့် အဆိုပါ မျက်နှာဖုံးစွပ်ထားသည့် လူအုပ်စုနှင့်ပတ်သက်ပြီး သီးသန့်စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း ပြောသည်။
အဆိုပါ ရဲဝန်ထမ်းက “မိသားစုဝင်တွေက အမှုမဖွင့်လိုကြောင်း လက်မှတ် ထိုးထားတယ်။ လူပျောက်လည်း မတိုင်ဘူး။ ဒါပေမယ့် ရဲစခန်းတော့ အကြောင်းကြားထားတယ်။ သူ့မောင်ကို အကြမ်းဖက်သူတွေက သတ်သွားမှာစိုးလို့ အမှုမဖွင့်ဘူးလို့ ပြောထားတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေ ဖမ်းသွားတာ။ တုတ်ချောင်းတွေ၊ ဓါးတွေပါတယ် သူတို့မှာ။ အဲဒီတုန်းက အောင်လွင်ကိုလည်း ခေါင်းကို ငုံ့ခိုင်းထားတယ်။ သူ့ရဲ့ အစ်မကိုလည်း မြေကြီးမှာ ခေါင်းစိုက်ထားတယ်။ အဲဒါကြောင့် သူတို့ပုံစံကို မမှတ်မိနိုင်ဘူး” ဟု နိရဉ္စရာသို့ ပြောသည်။
ဦးအောင်လွင်မှာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်း ဦးမောင်အုန်းမြင့် ပြောပြချက်အရ သိရသည်။
------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၂၄/ ၂၀၂၀
https://burmese.narinjara.com/.../5fbcebe83f8935047dbb7850
https://www.facebook.com/narinjara.info/posts/3816950648316984
No comments:
Post a Comment