အစိုးရသစ်လက်ထက် စစ်ဘေးရှောင်ကိစ္စ ဦးစားပေးအစီအစဉ်တွင် ပါရှိဟုဆို
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၂၄/၂၀၂၀
လက်ရှိ ရခိုင်စစ်ဘေးရှောင်ကိစ္စမှာ အသစ်တက်လာမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ဦးစားပေး အစီအစဉ်တွင် ပါဝင်ကြောင်း NLD ပါတီပြောခွင့်ရသူ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က နိရဉ္စရာသို့ ပြောကြားသည်။
“ အစိုးရအနေနဲ့ ဒီကိစ္စက ဦးစားပေးအစီစဉ်ထဲမှာပါတယ်။ စစ်ဘေးရှောင် ကိစ္စတွေ ဒီဦးစားပေး အစီစဉ်ထဲမှာ ပါတယ်။ အစိုးရက စစ်ဘေးရှောင်တွေ အပေါ်မှာ လိုအပ်တဲ့ထောက်ပံ့တဲ့ ပစ္စည်းတွေကို အတတ်နိုင်ဆုံး ထောက်ပံ့တယ်။ ထို့အတူပဲ တခြားနိုင်ငံတကာကလည်း ဒါကို ပံ့ပိုးပေးနေတာတွေ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။
စစ်ဘေးရှောင်များမှာ မိမိနေရပ်ပြန်နိုင်ရန် မျှော်လင့်နေကြသဖြင့် အဆိုပါ စစ်ဘေးရှောင်ကိစ္စနှင့်ပတ်သက်ပြီး NLD ၏ အစိုးရ၏ သဘောထားကို မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခဲ့သည်။
၎င်းပြင် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် ပထမဆုံး အပစ်ရပ်စဲရေးကို အရင်ဆုံး လုပ်ဆောင်ရန်လိုကြောင်း ဆက်လက်ပြောကြားသည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်လို့ကတော့ စစ်ပွဲဟာ ကာလရှည်နေဦးမှာပဲ။ အစိုးရတစ်ဖက်တည်းနဲ့လည်းမရဘူး။ တပ်မတော်တစ်ဖက်တည်းနဲ့လည်း မရဘူး။ ထို့အတူပဲ တစ်ဖက်က လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတဲ့ တိုင်းရင်းသားတစ်ဖက်တည်းနဲ့လည်းမရဘူး။ အားလုံးပူးပေါင်းဆောင်ရွက်မှရမယ်။ ညှိနှိုင်းပြီးလုပ်မှ ရမယ်။ အပစ်ခတ်ရပ်စဲရေးကို အရင်ဆုံးလုပ်၊ နောက်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးပေါ့နော်။ အဲလို အဆင့်ဆင့်သွားပြီး လုပ်ကြရင်တော့ အောင်မြင်မယ်ထင်တယ်” မုံရွာဦးအောင်ရှင်က ပြောသည်။
အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ် မေးမြန်းရာ ရခိုင်ပြည်နယ်အတွင်း ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့် AA နှင့် တပ်မတော်တို့နှစ်ဘက် တိုက်ပွဲများရပ်စဲကာ ငြိမ်းချမ်းရေးရမှသာ လက်ရှိ အစိုးရသစ်လက်ထက်၌ စစ်ဘေးရှောင်များ မြန်ဆန်စွာ နေရပ်သို့ ပြန်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
“တိုက်ပွဲတွေရှိနေတော့ စစ်ဘေးရှောင်တွေ ဘယ်အိမ်ပြန်လို့ရမလဲပေါ့နော်။ တိုက်ပွဲတွေ ငြိမ်းချမ်းဖို့လိုတယ်။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာက ကိုယ့်ဒေသမှာ အေအေနဲ့ တပ်မတော်ကြားမှာ ငြိမ်းချမ်းရေးသဘော တူညီချက်ရရင်တော့ အခုရရင် အခုပြီးတာပဲလေ တိုက်ပွဲတွေက။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ဟိုဘက်၊ ဒီဘက်ကို တိုက်တွန်းလိုပါတယ်။ ငြိမ်းချမ်းရေးရရင်တော့ မြန်မြန်ဆန်ဆန် အိမ်ပြန်နိုင်တာပေါ့။ ငြိမ်းချမ်းရေး မရဘဲ စစ်ပွဲတွေ ပိုပြင်းထန်လာမယ် ဆိုရင်တော့ စစ်ဘေးဒုက္ခသည်တွေကလည်း ဆက်ပြီးတော့ ပွားများနေဦးမှာပဲ။ အဓိကကတော့ စစ်ပွဲတွေ ရပ်စဲဖို့ပါ” ဟု နိရဉ္စရာသို့ ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ရခိုင်စစ်ဘေးရှောင်အရေးနှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလို ပြောကြားသည်။
“လောလောဆယ် စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့ကတော့ အပစ်ခတ် ရပ်စဲပြီး တည်ငြိမ်သွားမှ ပြန်လို့ရမှာဗျ။ အဲ့တော့ နှစ်ဖက်အပစ်ခတ်ရပ်စဲရေး အနည်းဆုံးတော့ အခု ရခိုင်စစ်ဘေးရှောင် ကိစ္စဆိုရင်လည်း အေအေနဲ့ အစိုးရတပ်မတော်ကြားမှာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်မှ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။” ဟု သူက ဆိုသည်။
တိုင်းရင်းသားပြည်နယ်များအကြား ပြည်တွင်းစစ်များဖြစ်ပေါ်နေရခြင်းမှာ တိုင်းရင်းသားများ၏ ဖက်ဒရယ် အခွင့်အရေးနှင့်ပတ်သက်သည့် ပြဿနာအား ဖြေရှင်းနိုင်ခြင်းမရှိသေး၍ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြဿနာအား နှစ်ဘက်အဆင်ပြေ လက်ခံနိုင်အောင်အရင် တိုက်ပွဲများကို ရပ်ပြီး ဖြေရှင်း သွားရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာမှ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံနေသည့် ဒေါ်ညိုအေးက “အိမ်ပြန်ရဖို့ မျှော်လင့်ချက် အများကြီးရှိပါတယ်။ ဒါက စစ်ဘေးရှောင်တိုင်းမှာ ကိုယ့်အိမ်ကို ပြန်ချင်တဲ့ အိပ်မက်ရှိကြမှာပဲ။ ငြိမ်းချမ်းတဲ့တစ်နေ့ ကိုယ့်အိမ်ကိုပြန်ဖို့ အိပ်မက်က စစ်ဘေးရှောင်တိုင်းမှာ ရှိတယ်။ ဒီနေ့ ငြိမ်းချမ်းရင် ဒီနေ့ပြန်မှာ။ အခုတက်လာမယ့် အစိုးရကိုလည်း စစ်ဘေးရှောင်တွေကို ကိုယ့်နေရာကို ကိုယ်ပြန်ရအောင် လုပ်ပေးစေချင်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်နေကြပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အခြေအနေ မရေရာသေးသဖြင့် အများစုစစ်ဘေးရှောင်များမှာ နေရပ်ကို မပြန်နိုင်သေးကြဟု သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ပွဲကာလ (၂) နှစ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ နှစ်သိန်းသုံးသောင်းကျော်အထိ တိုးသွားခဲ့သည်ဟု ရခိုင်မျိုးနွယ်စုများ အစည်းအရုံး (REC) က အစီရင်ခံစာတွင် ဖော်ပြထားသည်။
-----------------
Unicode
နိရဉ်စရာ၊ နိုဝငျဘာ ၂၄/၂၀၂၀
https://burmese.narinjara.com/.../5fbc79c58d5b5818df39dd0a
https://www.facebook.com/narinjara.info/posts/3816120295066686
No comments:
Post a Comment