ရခိုင်ပြည်နယ်အစိုးရ၏ထောက်ပံ့ကူညီမှု ထိခိုက်ဒဏ်ရာရသူတချို့ မရရှိသေးဟုဆို
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၄ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်အစိုးရမှ ပြည်နယ်အတွင်း ကျည်ဆံထိမှန် ဒဏ်ရာရသူများကို ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးနေကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း တချို့ သေဆုံးထိခိုက် ဒဏ်ရာရသူ မိသားစုများမှာ ၎င်းထောက်ပံ့ကြေးငွေကို မရရှိသေးကြောင်း ထုတ်ဖော်ပြောကြားသည်။
ယခုနှစ် ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသော မောင်ကျော်ဆန်းဝင်းမှာ ယနေ့ အချိန်ထိ ပြည်နယ် အစိုးရ၏ ထောက်ပံ့ကြေးကို မရရှိသေးဟု မိခင်ဖြစ်သူ ဒေါ်မာမာအေးက ပြောဆိုသည်။
“ ရွာကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ကျမသားလေးမှာ ခြေထောက်တစ်ဖက်ပြတ်သွားပါတယ်။ ကျမသားရဲ့ ခြေထောက်ကို ဆေးကုသဖို့အတွက် လူမှုရဲ့အဖွဲ့အစည်းတော်တော်များများက ထောက်ပံ့ ပေးထားတာတွေတော့ရှိတယ်။ ဒါပေမယ့် အစိုးရဆီက ထောက်ပံ့ပေးတာတော့ ဒီနေ့အထိ မရှိသေးဘူး။ ကျမသားလေး ဒဏ်ရာရသွားတာကော့ ဧပြီလ ၁၃ ရက်နေ့ကနေ ဒဏ်ရာရသွားတာဖြစ်တယ်။ ဒါပေမယ့် အစိုးရဆီက ဒီနေ့အချိန်ထိ ထောက်ပံ့ပေးတာ မရှိသေးဘူး” ဟု သူမက ပြောဆိုသည်။
အဆိုပါ ကျောက်ဆိပ်ဖြစ်စဉ်တွင် အရပ်သား ၇ ဦးသေဆုံးကာ ၈ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ကျောက်ဆိပ်ရွာမှ တစ်ခြားသေဆုံးသွားသူ မိသားစုများနှင့် ကျန်နေသည့် ဒဏ်ရာရရှိခဲ့သည့် မိသားစုများဖြင့် ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေ၍ မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
ယခုနှစ် မေလ ၂၈ ရက်နေ့က မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာ အနီးတောင်ပေါ်တွင် မြေမြှုုပ်မိုင်း ပေါက်ကွဲ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသော ဦးသာထွန်းအေးအတွက်လည်း အစိုးရ ထောက်ပံ့ငွေကို မရရှိသေးကြောင်း ဇနီးဖြစ်သူ ဒေါ်သိန်းခိုင်မေကာ ပြောသည်။
“ ကျမအိမ်ရှင်က ၅ လပိုင်း ၂၈ ရက်နေ့က တောင်ပေါ်ကို ဝါးခုတ်ဖို့သွားတဲ့အချိန်မှာ မိုင်းနင်းမိလို့ ခြေထောက် တစ်ဖက် ပြတ်သွားတယ်။ ကျမယောကျာ်းခြေထောက်ကို ဆေးကုသဖို့အတွက် အဖွဲ့အစည်း တော်တော် များများက အကူအညီပေးလာတာတွေရှိတယ်။ ဒါပေမယ့် အစိုးရဆီကတော့ ဒီနေ့အချိန်ထိ လာပေးတာ မရှိသေးဘူး” ဟု သူမက ပြောသည်။
၎င်းနည်းတူ သြဂုတ်လ ၁၃ ရက်နေ့က လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိသွားသော အမ်းမြို့နယ်၊ ကွေ့ရှည်ကျေးရွာမှ ဦးမိုးအောင်ကလည်း သူ၏ ဒဏ်ရာရရှိမှုမှာ ၃ လခန့် ကြာမြင့်နေပြီးဖြစ်သော်လည်း အစိုးရ၏ ကူညီထောက်ပံ့မှုကို မရရှိသေးကြောင်း ပြောဆိုသည်။
“ဦးလေးတို့က ကွေ့ရှည်ရွာကနေပြီးတော့ ကမ်းထောင့်ကြီးကယ်ဆယ်ရေးစခန်းကို သြဂုတ်လ ၁၃ ရက်နေ့က မိသားစုအလိုက် စက်လှေနဲ့သွားတဲ့အချိန်မှာ လက်နက်ကြီးကျည် ကျလာပြီးတော့ ဦးလေးရဲ့ ပေါင်တစ်ချောင်း ကျိုးသွားတယ်။ ခြောက်ထောက်ကလည်း အခုချိန်ထိ မကောင်းသေးဘူး။ ဦးလေးခြေထောက် ဆေးကုသဖို့ အစိုးရဆီက အကူအညီရရင်လိုချင်တယ်။ ဒါပေမယ့် အခုအချိန်ထိ ကူညီထောက်ပံ့မှုတွေကို မရရှိသေးဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားသောစစ်ပွဲများကာလအတွင်း ကျည်ဆံထိမှန်၍ သေဆုံးဒဏ်ရာရသူများကို ပြည်နယ် အစိုးရမှ ထောက်ပံ့ကြေးများ ပေးအပ်နေကြောင်း၊ သေဆုံးတစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှင့် ဒဏ်ရာ ရသူ တစ်ဦးကို ကျပ် ငါးသောင်းစီ ထောက်ပံ့ပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယ အကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် ပြောကြားသွားခဲ့သည်။
သေဆုံးသူ ၁၃၂ ဦးအတွက် ငွေကျပ် ၃၉၆ သိန်းကျပ်ကိုလည်းကောင်း၊ ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ဒဏ်ရာရရှိသူ ၃၈၂ ဦးအတွက် ငွေကျပ် ၁၉၁ သိန်းကိုလည်းကောင်း သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ တင်ပြချက်အရ ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း ပြောဆိုသွားခဲ့သည်။
တချို့မိသားစုများလည်း ပြည်နယ်အစိုးရ၏ ကူညီပံ့ပိုးမှုများကို ရရှိကြသည်ဟု သိရှိရသည်။
စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသွားသူ မိသားစုများမှာ အစိုးရ၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့ကြသည်ဟု သိရှိရသည်။
သေဆုံးသွားသော မူလတန်းပြဆရာမ ဒေါ်မိုးသူ၏ ယောက်ခမဖြစ်သူ ဦးကျော်သိန်းမောင်က “ မြေပုံမြို့က စာရေးက ထည့်ပေးလိုက်လို့ တစ်ယောက်ကို ငွေ ၃ သိန်းရပါတယ်။ သေဆုံးသွားတဲ့ ချွေးမအတွက် ၃ သိန်း၊ ကျနော့် မြေးလေးအတွက် ၃ သိန်း၊ ၆ သိန်းရပါတယ်။ ဦးလေးတို့ရွာက တခြားထိခိုက်သွားတဲ့လူတွေလည်း ရကြပါတယ်” ဟု ပြောသည်
----------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၂၄ / ၂ဝ၂ဝ
https://burmese.narinjara.com/.../5fbd05da3f8935047dbb785...
https://www.facebook.com/narinjara.info/posts/3817202481625134
No comments:
Post a Comment