Sunday, November 8, 2020

ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ငြင်းပယ်မရဘဲ လက်ခံရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

 ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ငြင်းပယ်မရဘဲ လက်ခံရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၈
ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပနေသည့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံရမည်ဖြစ်ပြီး ငြင်းပယ်၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဆန္ဒမဲပေးအပြီးသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါက ငြင်းပယ်လို့မရဘူး။ နိုင်ငံသူ နိုင်ငံသားတွေက ခံစားနေရတဲ့သောက ဒါတွေကို ဘယ်လို ဖြေသိမ့်မလဲစဉ်းစားပြီးတော့ လုပ် ဆောင်ဖို့လိုပါလိမ့်မယ်။ ဒါက ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ နိုင်ငံသူ နိုင်ငံသားတွေက ခံစားနေရတဲ့သောက ဖြေသိမ့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါက မလွဲမသေ လုပ်ကိုလုပ်ရမှာပဲ" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲတွင် တပ်မတော်နှင့် လက်တွဲလုပ်နိုင်မည့်ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားသည့်ပါတီ၊ အမျိုးဘာသာသာသနာပညာအပေါ် အလေး ထားသည့်ပါတီကို မဲပေးခဲ့သည်ဟု ၎င်းကဆိုသည်။
"အမျိုးဘာသာသာသနာပညာဒီအပေါ်မှာ အလေးထားတဲ့ပါတီပေါ့။ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီ။ တပ်မတော်နဲ့ လက်တွဲလုပ်လို့ ရတဲ့ပါတီကို မဲပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက သတင်းမီဒီယာများကို ပြောဆိုသွားသည်။

https://www.facebook.com/khitthitnews/posts/1058438281260184?__cft__[0]=AZWp0JhTZeVroo2JhfLwcptVpGR56Xxs93f4aNp6tvndYqrNsaeqqTmI94fpwcGbrzyV0uTUge-BKn3sQf-Mz50pPnNMaNhCMx0HopZiB5GsUrmHksWpWrn_r5rJGe3sDPzbt1cDbMI8S1uf9-mIVmm8&__tn__=%2CO%2CP-R

No comments:

Post a Comment