Friday, November 27, 2020

တပ်မတော်နဲ့ AA ကြား စေ့စပ်ပေးသူတွေရှိကြောင်း နှစ်ဘက်အတည်ပြု

 ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တချို့က ကြားဝင်စေ့စပ်ပေးနေကြောင်း တပ်မတော်က ပြောဆိုလိုက်တာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

စစ်ရေးတင်းမာမှုတွေ ၂ နှစ်နီးပါး ကြုံခဲ့ရပြီးနောက် မကြာသေးခင်ကစလို့ တိုက်ပွဲတွေငြိမ်သက်နေတဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အဆုံးသတ်ရေး ကြားဝင်ကြိုးပမ်းသူတွေ ရှိနေတဲ့အကြောင်း တပ်မတော်က ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲလျော့ကျနိုင်ဖို့ တိုက်ရိုက်ဆွေးနွေးမှုတွေ မရှိသေးပေမဲ့ ကြားဝင်စေ့စပ်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တချို့ရှိနေတဲ့အကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“AA အဖွဲ့နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှုတော့ မရှိဘူး။ သို့သော်ဆက်သွယ်ဆောင်ရွက်သင့်တဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ တဦးချင်း၊ အဖွဲ့အစည်းတဖွဲ့ချင်း၊ အဖွဲ့အစည်းအများအပြား၊ လူပုဂ္ဂိုလ်တဦးချင်း၊ လူပုဂ္ဂိုလ်အများအပြားတွေကနေတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေလျက်ရှိတယ်။ ဒီလူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့အနေနဲ့ ထုတ်ပြောဖို့မသင့်တော်ပါဘူး။”

ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေကို ရပ်စဲဖို့ ကြားခံတွေကတဆင့် စေ့စပ်ညှိနှိုင်းပြေလည်မှုရလာတဲ့ နောက်ပိုင်းမှာတော့ တိုက်ရိုက်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရခိုင်သုခကလည်း စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ရေး ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ နှစ်ဘက်တပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် နှစ်ဘက်လုံးကနေပြီးတော့ ထိန်းသိမ်းထားတယ်ဗျ။ နှစ်အချက်ကတော့ ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်တဲ့ လုံခြုံရေးအခင်းအကျင်းတခုကို ဖန်တီးနိုင်အောင် နှစ်ဘက်ညှိနေကြတာရှိတယ်။ နံပါတ် ၃ အချက်ကတော့ လက်ရှိအခြေအနေကနေ နှစ်ဘက်တပ်ဖွဲ့တွေ တိုက်ပွဲ ထပ်မံမဖြစ်ပွါးအောင် ဆက်လက်ပြီးတော့ညှိနှိုင်းနေတာရှိတယ်။ နှစ်ဘက်လူချင်းတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကြားခံလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကနေ တဆင့် ဆက်လက်ပြီးတော့ညှိနှိုင်းနေကြတာ ရှိတယ်။”ကြားဝင်စေ့စပ်ပေးနေတယ်လို့ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ဘယ်သူဆိုတာကိုတော့ တပ်မတော်ရော၊ AA ဘက်ကပါ ထုတ်ဖော်မပြောပါဘူး။ အရင်တုန်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် စေလွှတ်ပြီး တက်တက်ကြွကြွ ပါဝင်လေ့ ရှိပေမဲ့ နောက်ပိုင်းမှာတော့ ပါဝင်တာ သိပ်မတွေ့ရတော့ပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေး စိတ်မချရတာကြောင့် မကျင်းပဖြစ်တဲ့နေရာတွေမှာ ပြန်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကမ်းလှမ်းခဲ့တာကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေလည်း ရပ်ဆိုင်းနေပါတယ်။ မကြာသေးခင် သီတင်းပတ်တွေကစလို့ တိုက်ခိုက်မှုတွေ လျော့ပါးသွားတာဟာ အလားအလာကောင်းတခုလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကျနော်မြင်တာကတော့ ကောင်းတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲကျ ကျနော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုးပေါ့ နယ်မြေဒေသကြီးတစ်ခုလုံးကို အခုအချိန်အထိပေါ့ ဘယ်လောက်ပဲ သေနတ်သံတိတ်နေ ၁၂ ရက်နေ့က စတယ်ပဲ ပြောပြော၊ ၈ ရက်နေ့က စတယ်ပဲပြောပြော ဒီနေ့ဆိုရင် ၂၀ ရက်ကျော်ပြီပေါ့။ စစ်မြေပြင်မှာတော့ တိုက်ပွဲ မဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေအယူအဆကတော့ တစ်မိနစ် တိုက်ပွဲမဖြစ်ပွားလေ တစ်မိနစ်အကျိုးရှိလေပဲ။ ဒေသခံ ပြည်သူတွေလည်း အဲဒီလိုပဲဖြစ်မှာပါ။ ဒါမျိုးကို ကျနော်တို့ လုပ်နိုင်တာဆိုတာသည် မရှိခဲ့ဖူးဘူး။ မရှိခဲ့ဖူးတဲ့အတွက်ကြောင့် တချို့နေရာတွေ ငြိမ်းချမ်းရေး ရနေပြီပြောတယ်။ အပစ်အခတ် ရပ်စဲထားတယ်ပြောတယ်။ ဖြစ်နေဆဲပါပဲ။ ဒီလိုအခြေအနေထိ လဝက်ကျော်လောက်အထိ ထိန်းသိမ်းထားနိုင်တယ်ဆိုတာ နည်းတဲ့ အဆင့်မဟုတ်ပါဘူး။ နှစ်ဘက်လိုက်နာဆောင်ရွက်မှုကောင်းလို့ ဖြစ်ပါတယ်။ ဒီကနေတဆင့်ကျတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

တပ်မတော်က ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းထားပြီး၊ လမ်း၊ တံတား လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲလျော့ကျလာတာကိုကြိုဆိုပေမဲ့ ငြိမ်းချမ်းရေးအလားအလာ တိုးတက်လာတယ်ဆိုတာ ကိုတော့ပြောဖို့ စောသေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါတယ်။

“အတိုင်းအတာ တခုအထိတော့ သူတို့ဘက်က ဒီလိုပြောဆိုလာတာတော့ ကျနော်တို့လည်း ကြိုဆိုတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖေါ်ဖို့ လိုတယ်။ ဥပမာဆိုပါစို့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ တရားဝင်ပြောထားတဲ့ဟာကို ရုပ်သိမ်းပေးဖို့ လိုတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရောသူတို့ဘက်က ထုတ်ပြန်ဖို့လိုတယ်။ အခုချိန်မှာတော့ တိုက်ပွဲမဖြစ်တာလောက်နဲ့တော့ ကျနော်တို့ တိုးတက်တယ်ဆိုတာတော့ပြောလို့မရဘူး။ တဘက်ကလည်း ဒီလိုတပ်အင်အားတို့ ဖြည့်တာလေး ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ တိုက်ပွဲထပ်မဖြစ်လာဘူးလို့ ဘယ်သူမှ အာမခံမပေးဘူးဆိုတော့ သိပ်တိုးတက်တယ်ဆိုတာတော့ပြောဖို့ နည်းနည်း စောပါသေးတယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသလို အရင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တချို့မှာလည်း ချန်လှပ်ထားခဲ့တာတွေ ရှိခဲ့ဘူးပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းကြေညာထားတဲ့ စာရင်းကနေ ပယ်ဖျက်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဘူးကြောင်း တပ်မတော် တာဝန်ရှိသူတွေ ထည့်သွင်းပြောဆိုသွားခဲ့သလို AA အဖွဲ့ကိုလည်း အရင်ကလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရည်ညွှန်းသုံးနှုန်းတာ မတွေ့ရပါဘူး။

ဒါပေမဲ့လည်း အာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနောက်ပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်သုံးနှုန်းထားပြီး ဖမ်းဆီးထားတဲ့ ပါတီကိုယ်စားလှယ်တွေကို ပြန်လွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

https://burmese.voanews.com/a/rakhine-military-aa/5678604.html

No comments:

Post a Comment