စစ်တွေမှ ဖမ်းဆီးခံကျောင်းသား ၄ ဦးကို နောက်ထပ် ချုပ်မိန့် ၁၄ ရက်ယူ
သျှင်မင်းဇံ
စစ်တွေ၊ နိုဝင်ဘာလ ၃/၂၀၂၀
အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှ ကျောင်းသား ၄ ဦးကို ယနေ့တွင် ရုံးမထုတ်ဘဲ နောက်ထပ် ၁၄ ရက် ချုပ်မိန့်ယူသွားကြောင်း သတင်းရရှိသည်။
၎င်းကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က “ ဒီနေ့က ရုံးမထုတ်တော့ပါ။ ကိုဗစ်နဲ့ဖြစ်နေတော့။ ဒါကြောင့် ဒီကနေ့ ရဲက ချုပ်မိန့်နောက်ထပ် ၁၄ ရက်ယူပါတယ်။ ရမန် မဟုတ်ဘူး။ ဒါကို ချုပ်မိန့်လိုခေါ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
၎င်းကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။
၎င်းတို့ ၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေတွင် ဖြစ်ပွားခဲ့သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပွဲကို ဦးဆောင်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။
“ ဒီနေ့ကတော့ ကျောင်းသားလေးယောက်ကို ရုံးချိန်းထားတယ်။ ဘာဖြစ်ဆိုတော့ တရားရုံးတွေက ကိုဗစ်ကာလဖြစ်တဲ့အတွက် အဓိက အရေးကြီးတဲ့ အမှုတွေမှာ ရုံးထုတ်တယ်။သူတို့က မှုခင်း စီမှန်မှုတွေ လုပ်ပြီးမှာ အမှုစစ်ရမှာဆိုတော့ ကျွန်တို့က သူတို့ကို ရုံးမထုတ်ဘူး။နိုဝင်ဘာလ ၁၇ ရက်နေ့ကို ချိန်းဆိုထားလိုက်သည်” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ၎င်းကျောင်းသားများနှင့် ကိုဗစ်ကြောင့် ထောင်ဝင်စာတွေ့ခွင့်မရခြင်းသာဖြစ်ပြီး သူ့အနေဖြင့် ၎င်းကျောင်းသားများနှင့် အမှုကိစ္စအတွက် တွေ့ခွင့်ရပြီး ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်းပြောကြားသည်။
“ကျောင်းသားတွေ ကျန်းမာရေးကတော့ ကောင်းပါတယ်။သူတို့ကို အခန်းအကျယ်ကြီးတစ်ခန်းမှာ သီးခြားထားပါတယ်။ အသစ်ဝင်လာတဲ့အတွက် ကိုဗစ်ရောဂါ စစ်ပြီးမှ ကော်ရန်တင်း ရက် ၂၀ ထားပြီး သီးခြားထားမယ့် အဆောင်ကြီးထဲကို ပို့မယ်ပေါ့။ အခုကတော့ ထောင်အဆောင်အပြင်ကနေရာ တစ်ခုမှာ လုံလုံခြုံခြုံရှိတဲ့ နေရာတစ်ခုထားပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
အခုလို ရုံးချိန်းခေါ်ပြီး ရုံးထုတ်တာလည်း မရှိသည့် အပြင် ရုံးချိန်းကို နောက်နှစ်ပတ်အထိ ရွေးဆိုင်း လိုက်သည့် အပေါ် စိုးရိမ်မိသည်ဟု စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။
“အခုလို ရုံးချိန်းတွေ ခေါ်ပြီး ရုံးထုတ်စစ်ဆေးတာတွေမရှိတဲ့ အပြင် ရုံးချိန်းကို နောက်နှစ်ပတ်အထိ ရွေးဆိုင်းလိုက်တယ်လို့ သိရတယ်။ ဒီအပေါ်မှာတော့ အများကြီး စိုးရိမ်းမိပါတယ်။ ဘာကို စိုးရိမ်မိလည်း ဆိုတော့ အထဲက လူတွေ ဘာဖြစ်နေလည်းဆိုတာကို ကျွန်တော်တို့ သိခွင့် မရဘူး။ဘယ်လို့ ဘယ်လို့တွေ စစ်ဆေးနေတာလည်း သိခွင့်မရဘူး။ဒါကြောင်း အများကြီး စိုးရိမ်မိပါတယ်”ဟု ပြောသည်။
၎င်းကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁၀၀ ခန့်နှင့် အတူ စစ်တွေမြို့ လမ်းမများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို အလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုစတင် ရင်ဆိုင်ကြရမည်ဖြစ်သည်။
------------------
Unicode:
https://www.facebook.com/narinjara.info/posts/3755071854504864
No comments:
Post a Comment