ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းမှ ရွာသားများဖမ်းဆီးစစ်ဆေးခံနေရ၊ ကုန်စုံဆိုင်တစ်ဆိုင်နှင့်နေအိမ်တစ်လုံး မီးလောင်ဟုဆို
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာမှ ကျေးရွာသား ၆ဝ ခန့် ရွာထဲရှိ စာသင်ကျောင်းတွင် ဖမ်းဆီးပြီး တပ်မတော်မှ စစ်ဆေးနေကြောင်း ဒေသခံများ၏ ပေးပို့သော သတင်းအရ သိရသည်။
၎င်းပြင် ဇိုင်ချောင်းကျေးရွာမှ ဦးအောင်မြင့်၏ ကုန်စုံဆိုင်နှင့် ဦးဆိတ်နုအောင်၏ နေအိမ်တို့မှာ ယနေ့ နေ့လယ်က မီးလောင်သွားခဲ့သည်ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
“ အခု ဘယ်လို သတင်းဖြစ်နေလဲဆိုတော့ ရေတပ်သားနှစ်ယောက်လား၊ သုံးယောက်လားမသိဘူး။ အရပ်ဝတ်နဲ့ လာတယ်။ အေအေက လူတွေနဲ့ ရန်ဖြစ်ပြီး ဖမ်းခံရတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်။ ကျွန်တော်တို့လည်း တိတိကျကျ မသိဘူး။ ဒါနဲ့ စစ်ကြောင်းတွေက ရွာထဲကို ဝင်လာပြီး ရွာသားတွေကို စာသင်ကျောင်းမှာ စုထားပြီး စစ်ဆေးနေပါတယ်။ တချို့လည်း ထမင်းမစားကြရဘူးလို့ ကြားတယ်။ ဖမ်းပြီး စစ်နေတောတော့မှန်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက်က သိုင်းချောင်းအုပ်စု သိုင်းချောင်းရွာနှင့် ဇိုင်ချောင်းကျေးရွာထဲသို့ အင်အား ၃ဝဝ ခန့်ပါသည့် တပ်မတော် သားများ ဝင်ရောက်လာပြီးနောက် ရွာသားများကို စာသင်ကျောင်းသို့ ခေါ်ယူကာ အပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးခဲ့သည်ဟု သိရသည်။
သိုင်းချောင်းရွာတွင် ရွာသားများကို စစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းထင် (၃၈) နှစ်၊ ဦးစံကျော်ဦး (၅ဝ) နှစ်အပါအဝင် ၄ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး ကျန်လူများကို ယနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇိုင်းချောင်းကျေးရွာတွင် ဆက်လက် ထိန်းသိမ်းထားကာ စစ်ဆေး မေးမြန်းနေတုန်းဖြစ်သည်ဟု ဆိုသည်။
ဇိုင်းချောင်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက “မနေ့က သူတို့ဝင်လာပြီးတော့ တစ်အိမ်တစ်အိမ်ဆင်း အိမ်တွေကို မွှေနှောက်တယ်။ ပစ္စည်းတွေ လိုက်ရှာဖွေမှုတွေ ပြုလုပ်ပါတယ်။ အဲဒါကို ရွာက လူတွေ ကြောက်ပြီး ထွက်ပြေးကြတယ်။ ထွက်ပြေးကြတာကို သူတို့က လိုက်ဖမ်းတယ်။ အဲဒီမှာ ရွာက ထွက်လို့ ရောက်တဲ့ သူတွေက ရောက်လိုက်တယ်။ မရောက်လိုက်တဲ့ လူ ၆ဝ လောက်ကို သူတို့ ဖမ်းပြီး စာသင်ကျောင်းမှာ စုထားတယ်။ မနေ့က ကတည်းက ထမင်းလည်း မကျွေးဘူး။ ရွာထဲက ကုန်စုံဆိုင်တစ်ဆိုင်နဲ့ နေအိမ်တစ်လုံး ဒီနေ့ မီးလောင်နေတယ်။ ရွာထဲက ဦးအောင်မြင့်ရဲ့ ကုန်စုံဆိုင်နဲ့ ဦးဆိတ်နုအောင်၏ နေအိမ်လို့ သိရပါတယ်။ မီးခိုးတွေကို မြင်ရပါတယ်။ ကျွန်တော်လည်း အခု ရွာနားက တခြားတစ်နေရာမှာ ရှောင်နေပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
အဆိုပါ စစ်ကြောင်း ကျေးရွာအတွင်းဝင်ရောက်လာပြီးနောက် ယင်းနေ့ နေ့လယ် ၂ နာရီခန့်က ဇိုင်ချောင်း ကျေးရွာဝင်ဝရှိ တောင်ကုန်းငယ်တစ်ခုတွင် တပ်မတော်သား အချို့ နေရာယူထားကြောင်း၊ ရွာ၏ တောင်ဘက်ရှိ တောင်တန်းများအား ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း၊ ဇိုင်ချောင်းကျေးရွာမှ အသက် ၅ဝ အရွယ် ဒေါ်နုခင်မေမှာ ကျည်ထိမှန် ဒဏ်ရာရရှိသွား၍ ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကြောင်း ၎င်းက ပြောကြားသည်။
“စစ်ကြောင်းကတော့ တစ်စုတည်း တန်းပြီး ဝင်လာတာမျိုး မဟုတ်ဘူး။ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ မနေ့က မနက် ၁ဝ နာရီလောက်က စဝင်လာကြတာ။ ရွာသားတွေကို စာသင်ကျောင်းမှာ စုထားတဲ့အထဲ ယောကျ်ား နည်းတယ်။ မိန်းမတွေ များတယ်။ ယောက်ျားတွေက စစ်ကြောင်းလာတယ်သတင်းကြားတော့ အများစုက ရှောင်သွားကြပြီ။ အဲဒီမှာ ရှောင်လို့ မရလိုက်တဲ့ ယောက်ျားတချို့က အဲဒီစာသင်ကျောင်းမှာ အစုခံထားရတာ။ နို့စို့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးတွေပါတယ်။ လူငယ်တချို့လည်း ပါတယ်။ ရွာသားတွေက ကြောက်ပြီးထွက်ပြေးကြတော့ အိမ်တွေမှာ ဘာဖြစ်နေလဲဆိုတာ အခု ပြောလို့မရသေးဘူး” ဟု ယင်းရပ်မိရပ်ဖက ဆက်ပြောသည်။
ဇိုင်ချောင်းကျေးရွာတွင် အိမ်ခြေ ၁၂ဝ နှင့် လူဦးရေ ၅ဝဝ ကျော်ရှိကြောင်း ယင်းထဲမှ ၁ဝဝ ခန့်မှာ ကျောက်ဖြူ မြို့နယ်၊ သပြုတောင်ကျေးရွာနှင့် ကုလာဘာကျေးရွာတို့သို့ ထွက်ပြေးတိမ်းရှောင် လျှက်ရှိကြကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစိုးမိုးကျော်က "ကျွန်တော် အဲဒီက အုပ်ချုပ်ရေးမှုးကို ဆက်သွယ်တာ ဆက်သွယ်လို့ မရသေးဘူး။ အုပ်ချုပ်ရေးမှူးနဲ့ အဆက်သွယ် မရသေးတော့ ဘာမှမကြားမိသေးဘူး"ဟု ပြောသည်။
ကျောက်ဖြူမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ထမင်းလည်း မစားကြရဘူးလို့ သိရတယ်။ သူတို့က သံသယတစ်ခုခုရှိလို့ လုပ်တာနေမှာပေါ့နော်။ ဒါပေမယ့် သူတို့က တစ်ရွာလုံးကို သံသယ ရှိတာတော့ မဖြစ်နိုင်ဘူး။ သူတို့မှာ သံသယရှိတဲ့လူလောက်ကိုပဲ ခေါ်တာက ပြဿနာမဟုတ်ဘူး။ အခုက လူကြီးရော၊ လူငယ်ပါ ပိတ်မိနေတယ်ဆိုတာကတော့ မလုပ်သင့်ဘူးပေါ့။ ဒီလောက်ထိတော့ မလုပ်ရဘူးလေ။ ထွက်ပြေးတဲ့ သူတွေက ထွက်ပြေးသွားကြပြီ။ သတင်းကြားရတာက ရွာက ကုန်စုံဆိုင်လား၊ လဘက်ရည် ဆိုင်လား မသိဘူး။ အဲဒီ ဆိုင်တစ်ခုကို မီးရှို့လိုက်တယ်လို့ သိရတယ်။ ရွာနားမှာက တိုက်ပွဲလည်း မဖြစ်ဘူး။ တိုက်ပွဲဖြစ်သံလည်း မကြားဘူး” ဟု နိရဉ္စရာသို့ ပြောသည်။
အလားတူ ကျောက်ဖြူမြို့နယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ ဇိုင်ချောင်းမှာ ဖြစ်နေတာကို အနီးကပ်တော့ သွားမကြည့်ရဘူး။ သတင်းကတော့ အဲဒီက လူတွေဆီက တစ်ဆင့်ပဲရတယ်။ သူတို့ မနေ့က ညနေ၊ နိုဝင်ဘာ ၂ ရက်နေ့က ညနေမှာ တပ်မတော်စစ်ကြောင်းက ဝင်လာပြီး ရွာမှာ စစ်လားဆေးလားလုပ်တယ်။ စစ်လားဆေးလား လုပ်တာကို ရွာသားတွေက စစ်သားတွေ သူတို့ အုံနဲ့ကျင်းနဲ့ ဝင်လာတော့ ဆိုတော့ကြောက်ပြီး ထွက်ပြေးကြတယ်။ ထွက်ပြေးတော့ ဒီနေ့ ၃ ရက်နေ့မှာတော့ သူတို့ဟာ ရွာတွေက လူတွေ အကုန်လုံးကို စာသင်ကျောင်းကို ခေါ်လိုက်တယ်။ ခေါ်လိုက်တော့ ခလေးတွေရော၊ နောက်ပြီး အမျိုးသမီးတွေရော၊ အဲဒါတွေ အကုန်လုံး စာသင်ကျောင်းမှာ ခေါ်ထားတယ်လို့ ပြောတယ်။ အဲဒါကို ညနေ ကျနော်ဆီကို ဖုန်းဆက်တဲ့ အချိန်မှာ သူတို့ဟာ မနက်က မနက်စာလည်း မစားရသေးဘူး။ ကလေးတွေလည်း ပါတယ်။ အဲသလိုပဲ ပြောပါတယ်။ အခုကျွန်တော်ကလည်း အေအန်ပီ အောင်နိုင်ရေး အတွက် တစ်ခြားရွာ တစ်ရွာကို ရောက်နေတဲ့ အတွက် အဲဒီရွာကို မသွား ဖြစ်ဘူးခင်ဗျား။ ရွာက လူတစ်ယောက်ကလည်း အိမ်တစ်အိမ်ကို မီးရှို့ထားတဲ့ အတွက် မီးလောင်နေတယ်လို့ ဖုန်းဆက် ပြောကြားပါတယ်။ အခုထက်ထိ လူတွေကို မလွှတ်သေးဘူးလို့ကြားရတယ်။ အခု ရွာသားတွေလည်း ထွက်ပြေးနေရာမှာ ကုလာဘာကျေးရွာ အထက်တန်းကျောင်းကို လူပေါင်း ၁ဝဝ ခိုလှုံဖို့ရောက်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျနော့်ဆီကို ဖုန်းဆက်လာပါတယ်” ဟု ယနေ့ ညနေ ၆ နာရီက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
နိရဉ္စရာ သတင်းဌာနအနေဖြင့် တပ်မတော်ဘက်ကို ဆက်သွယ် မေးမြန်း၍ မရသဖြင့် ရေတပ်သားနှစ်ဦး (သို့မဟုတ်) သုံးဦး ဖမ်းဆီးခံရဟု ရွာသားများ ပြောဆိုမှု အပေါ် အတည်ပြုနိုင်ခြင်း မရှိပါ။
(ဓာတ်ပုံ- ကျောက်ဖြူမြို့ကိုရောက်ရှိလာသော
ဇိုင်ချောင်းနှင့် သိုင်းချောင်း ကျေးရွာများမှ နေရပ်စွန့်ခွာလာသည့် ကလေးငယ်များကိုတွေ့ရစဉ်။
Photo - Tun Tun Naing
----------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၃/ ၂ဝ၂ဝ
Photo - Tun Tun Naing
https://burmese.narinjara.com/.../5fa147e08d5b5818df39dc2...
https://www.facebook.com/narinjara.info/posts/3755250417820341
No comments:
Post a Comment