Friday, November 6, 2020

ကျောက်ဖြူစနဲမှ ရေလုပ်သား ၄၂ ဦးပြန်လွတ်လာ၊ ၃ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရ

 ကျောက်ဖြူစနဲမှ ရေလုပ်သား ၄၂ ဦးပြန်လွတ်လာ၊ ၃ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရ

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ နိုဝင်ဘာ ၇/၂၀၂၀ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ရွှေဟင်္သာရပ်ကွက်မှ ဖမ်းဆီးခံထားရသူ ရေလုပ်သား ၄၂ ဦးကို ယနေ့ နံနက်က ပြန်လွှတ်ပေးလိုက်ပြီး ၃ဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်း လွတ်မြောက် လာသူများက ယနေ့ နေ့လယ်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ပြန်လွတ်လာသူများအထဲမှ အသက် ၆၀ အရွယ် ဦးသိန်းထွန်းက “ ကျွန်တော်တို့ကို ဒီကနေ့ မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ လွှတ်လာတဲ့ အထဲမှာ ကလေး သုံးယောက်နဲ့ မိန်းမ တစ်ဆယ်ကျော်လောက်ပါဝင်ပါတယ်။ ကျန်တဲ့ ရွာသား ၃ ဦးကိုတော့ ဆက်လက် ဖမ်းဆီးထားပါတယ်။ အဲဒီအထဲမှာ တစ်ယောက်က ကျွန်တော့်သားပါ” ဟု ပြောကြားသည်။

ဖမ်းဆီးခံထားရသူ ၃ ဦးမှာ စနဲမြို့ ရွှေဟင်္သာရပ်ကွက်မှ ဦးအောင်ထွန်းလင်း (၄၁) နှစ်၊ ဦးထွန်းလှ (၄၀) နှစ်နှင့် ဦးညီတောက် (၃၀) နှစ် အရွယ်များ ဖြစ်ကြသည်ဟု သိရသည်။ 

“ အဲဒီအထဲမှာ အောင်ထွန်းလင်းက ကျွန်တော့်သားဖြစ်ပါတယ်။ အားလုံးသူက စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကပါ။ ကျွန်တော်တို့ကို စစ်တပ်က ကျွန်းတောင်ပိုက်ဆိပ်မှာဘဲ ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ ကျွန်တော်တို့ကို စစ်ဆေးမြန်းတာက အေအေရှိလား၊ အေအေလာလား၊ အေအေကို သိလား ဒီမေးခွန်းတွေကို မေးပါတယ်။ ကျွန်တော်ကို မသိဘူးလို့ ဖြေပါတယ်။ ရိုက်နှက်စစ်ဆေးခံရတဲ့သူတွေလည်း ရှိပါတယ်။ တချို့လည်း ရိုက်နှက်ခံရတာ မရှိပါ။ ကျွန်တော်ကတော့ ရိုက်နှက် မခံခဲ့ရပါဘူး”ဟု ပြောကြားသည်။

ဖမ်းဆီးထားသူများကို ရဲလက်ကို လွှဲပြောင်းပေးမည်ဟု ပြောသွားကြောင်း၊ ဖမ်းဆီးသူများမှာ တပ်မတော်သားများဖြစ်ကြောင်း၊ ရေတပ်သင်္ဘောဖြင့် လာရောက်ကြကြောင်း၊ ဖမ်းဆီး ခံထားရသူများမှာ သာမာန် အရပ်သားများ ဖြစ်ကြ၍ ပြန်လွှတ်ပေးစေလိုကြောင်း ဦးသိန်းထွန်းက ပြောဆိုသည်။

စနဲမြို့ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးက “ ကျွန်တော်ရပ်ကွက် လွတ်လာသူ ၄၂ ဦးရှိပါတယ်။ အခု သူတို့ အကုန်လုံးအိမ်ကို ပြန်ရောက်ပါပြီ။ ကျန်တဲ့ သုံးယောက်ကိုတော့ ဖမ်းဆီး ထားလိုက်တယ်လို့ သိရပါတယ်” ဟု နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။ 

စနဲမြို့ ရွှေဟင်္သာရပ်ကွက်မှ မိသားစုများအပါအဝင် ရေလုပ်သား ၄၅ ဦးသည် ရမ်းဗြဲမြို့နယ် ကုလားပုန်းကျွန်း၊ ကျွန်းတောင်ပိုက်ဆိပ်တွင် ငါးလုပ်ငန်းဆောင်ရွက်နေစဉ် နိုဝင်ဘာ ၂ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းပတ်ဝန်းကျင်တွင် တပ်မတော်မှ အရာရှိနှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တပ်မတော်စစ်ကြောင်းများ စစ်ဆင်ရေးပြုလုပ်ပြီး အနီးအနားရှိ ရွာများကို ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောကြားသည်။ 

--------------------- 

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၇/၂၀၂၀ 









https://burmese.narinjara.com/.../5fa643668d5b5818df39dc4f


https://www.facebook.com/narinjara.info/posts/3766858066659576

No comments:

Post a Comment