အသံမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ပြည်သူလူထုအနေဖြင့် နိုးနိုးကြားကြားရှိကြပါရန် အသိပေးနှိုးဆော်
By The Standard Time Daily -November 7, 2020
Share on Facebook
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တွင် တည်ရှိသော တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံး ပရဝဏ်အတွင်း ‘ပေါက်ကွဲမှုဖြစ်စဉ်’တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များ၊ ရည်ရွယ်ချက်ရှိရှိ ကြံစည်ခြိမ်းခြောက်မှုများသည် ‘ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး’ကို အချိန်ကိုက်ဖျက်ဆီးနေသော သူများ၏ လုပ်ရပ်၊ အပြုအမူများဖြစ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ပဲခူးမြို့ နိုင်ငံရေးအင်အားစု အဖွဲ့ ငါးဖွဲ့က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပဲခူးမြို့)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (ပဲခူး အရှေ့)၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းမှုအဖွဲ့အစည်း(ပဲခူး)၊ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဗကသ)နှင့် လူငယ်အစည်း အရုံး ပဲခူးတို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
‘ဗုံးခွဲတာမျိုးတွေ၊ တစ်ဦးနဲ့တစ်ဦး သတ်တာမျိုးတွေက တော့ မလုပ်သင့်ဘူး။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ကျင့်စဉ်တစ်ခုကို လုပ်တာပါ။ ဖွဲ့စည်းပုံကို လက်မခံတာ၊ လက်ခံ တာက တစ်ကြောင်း၊ အရှုံးအနိုင်က သူဟာသူဆုံးဖြတ်တာက တစ်ကြောင်း၊ ဒီလိုမျိုးလုပ်တာမျိုးကို ကျွန်တော်တို့နိုင်ငံရေး အင်အားစုတွေအနေနဲ့ လက်ခံလိုက်မယ်ဆိုရင် ကျွန်တော်တို့က ပြည်သူအပေါ်မှာ နိုင်ငံရေးဖောက်ပြန်တာလို့ သတ်မှတ်တယ်။ ဒါကြောင့် ဒါမျိုးကို ရှုတ်ချရမယ်’ဟု နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ (ပဲခူးအရှေ့) ကိုဘိုတောက်က စံတော်ချိန်ကို အောက်တိုဘာ ၇ ရက်တွင် ပြောသည်။
ယနေ့အချိန်သည် ဒီမိုကရေစီစနစ်၏အခြေခံလုပ်ငန်းစဉ်များဖြစ်သော အထွေထွေရွေးကောက်ပွဲကျင်းပခြင်း၊ အများပြည်သူများက ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အချိန် ကာလဖြစ်သည်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့် တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင်တည်ရှိသော တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးပရဝဏ်အတွင်း ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ နိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင်လည်း အလားတူဖြစ်စဉ်များ တစ်နေ့တည်း ဆက်လက်ဖြစ်ပေါ် ခဲ့သည်ဟု ကနဦးသိရှိရပါသည်’ဟု ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့ နိုင်ငံရေးအင်အားစုများ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
ရဟန်းရှင်လူပြည်သူလူထုများအနေဖြင့်လည်း ယခု ကဲ့သို့ နိုင်ငံ၏အရေးကြီးသော ကာလများတွင် အခြေအနေ အရပ်ရပ်အား သတိကြီးစွာထားပြီး နိုးနိုးကြားကြားရှိကြပါရန် အသိပေးနှိုးဆော်လိုက်ရပါသည်ဟု ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၆ ရက် မွန်းလွဲ၂ နာရီ မိနစ် ၅၀ ခန့်က ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် အမှတ်(၇)ရပ်ကွက်ရှိ တိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရာသို့ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိ သူများ လာရောက်စစ်ဆေးခဲ့သည်။ ယင်းပေါက်ကွဲမှုသည် အသံမိုင်းအမျိုးအစားဖြစ်ပြီး စနစ်တကျထောင်ထားခြင်းဖြစ်သည်ဟု ယူဆရကြောင်း စစ်ဆေးရေးအဖွဲ့က ပြောဆိုထားသည်။
http://sdtimedaily.com/2020/11/07/shp26-103/
No comments:
Post a Comment