ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးလာသူ တစ်ထောင်နီးပါးထိရှိလာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ နိုဝင်ဘာ၇/၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျေးရွာတချို့မှ ထွက်ပြေးပြီး ကျောက်ဖြူမြို့ပေါ်နှင့် တစ်ခြားနေရာတချို့တွင် ခိုလှုံနေသူမှာ တစ်ထောင်ပတ်ဝန်းကျင်ရှိသွားပြီဟု သတင်းရရှိသည်။
၎င်းစစ်ဘေးရှောင်များ အရေးကို ဆောင်ရွက်နေသူ ကိုထွန်းထွန်းနိုင်က “ အခုကျောက်ဖြူမြို့ပေါ်က ၈၀၀ ဝန်းကျင်လောက်ရှိပါတယ်။ သူတို့ကို ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးထားတယ်။ ကုလဘာအထက်တန်းကျောင်းမှာလည်း ၁၂၀ လောက်ရှိတယ်လို့သိရပါတယ်။ ဂုံးရှိန်မှာလည်း တချို့ရှိပါတယ်။ တစ်ခြား ဆွေမျိုးတွေ အိမ်မှာနေတာကတော့ ၁၇၀ လောက်ရှိပါတယ်” ဟု ပြောကြားသည်။
ကျောက်ဖြူမြို့ပေါ်သို့ ရောက်ရှိလာသူများအား အလင်းရောင်ဘုန်းတော်ကြီးကျောင်းတွင် ၁၁၅ ဦး၊ သိမ်တောင်+မူလာရာမကျောင်း ၂၁၉ ဦး၊ အောင်မင်္ဂလာကျောင်း (ဆားပြင်ကွင်း)တွင် ၉၈ ဦး၊ ဇောတိကာရုံကျောင်းတွင် ၁၉ ဦး၊ အေးမြစံသာကျောင်းတွင် ၆၀ ဦး၊ မြို့နယ်ပရဟိတကျောင်းတွင် ၂၄၉ ဦးနှင့် ဓမ္မဆာယာကျောင်းတွင် ၇၀ ဦး အသီးသီးထားရှိသည်ဟု သိရသည်။
“ အခုက တော့ စားဝတ်နေရေး အဆင်ပြေပါတယ်။ မြို့ပေါ်က ထမင်းထုပ်ကောက်ခံပြီး ကျွေးမွေးထားပါတယ်။ လိုအပ်တဲ့ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာက အစ မြို့ပေါ်က လူမှုအဖွဲ့အစည်းတွေက အလှူရှင်တွေနဲ့ ပူးပေါင်း ကူညီဆောင်ရွက်ထားကြပါတယ်” ဟု ပြောကြားသည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ကျနော်ကောက်ယူ ရရှိတဲ့စာရင်းအရဆိုရင် လူပေါင်း တစ်ထောင်ကျော်သွားပြီ။ အဓိကတော့ တပ်မတော် စစ်ကြောင်းတွေက ရွာသားတွေက ဖမ်းဆီး စစ်ဆေးခံရမှာကို ကြောက်ပြီး ထွက်ပြေးကြတာပါ။ အခု ဇိုင်ချောင်းက ထွက်ပြေးလာတဲ့သူတွေနဲ့ ကျနော်တွေ့ဆုံနေပါတယ်” ဟု ပြောကြားသည်။
ထွက်ပြေးလာကြသူများအထဲတွင် သိုင်းချောင်း၊ ဇိုင်ချောင်း၊ ပြားကျွိန်၊ သပြုတောင်၊ သဖန်းခါး၊ ပြားကျွိန်၊ အချွန်း၊ တံတားဦး၊ ကြောင်ခိုး၊ ချောင်းဖျားစသည့်ကျေးရွာများမှ ဖြစ်ကြသည်။
၎င်းပတ်ဝန်းကျင်တွင် တပ်မတော်သား ၂ ဦး ဖမ်းဆီးခံရပြီးနောက် တပ်မတော်စစ်ကြောင်းများမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဖမ်းဆီးစစ်ဆေးမှုများ ရှိနေရာမှ ရွာသားများ ကြောက်လန့် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- ကိုထွန်းထွန်းနိုင်)
---------------------
နိရဉ်စရာ၊ နိုဝငျဘာရ/၂၀၂၀
https://burmese.narinjara.com/.../5fa62bfa8d5b5818df39dc4d
https://www.facebook.com/narinjara.info/posts/3766681790010537
No comments:
Post a Comment