တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါး ကာကွယ်လိုသော မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိဟုဆို
By The Standard Time Daily -November 6, 2020
Share on Facebook
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသော မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း (Asahi Shimbun) သတင်းစာနှင့် မေးမြန်းရာတွင် ဖြေကြားသည်။ ‘တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံ၊ မထောက်ခံဆိုတာကတော့ ၎င်းတို့ပါတီတွေရဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်တွေကိုပဲ ကြည့်ရပါမယ်။ တပ်မတော်အနေနဲ့ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိတဲ့ မည်သည့်ပါတီနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်’ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း (AsahiShimbun) သတင်းစာ၏ မေးမြန်းမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖြေကြားထားသည့် အမေး၊ အဖြေများကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၆ ရက် တွင် ထုတ်ပြန်ထားသည်။
‘အခုလို ဒီမိုကရေစီအစိုးရကာလမှာတောင် မဟုတ်ဘဲ တပ်မတော်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်မှာတောင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ လက်ရှိကျင့် သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က စတင် လမ်းခင်းပေးခဲ့တာပဲဖြစ်တယ်။ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဟာ ရွေးကောက်ပွဲပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်လို့ ကျွန်တော်မကြာခဏ ပြောပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါ တယ်။၂၀၁၅ ခုနှစ်မှာလည်း ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က Free and Fair ဖြစ်အောင် ကျင်းပပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၆ ခုနှစ်မှာ အဲဒီတုန်းက အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီဟာ အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တက် လာတဲ့ ဒီအစိုးရအနေနဲ့ ဦးလှသိန်း ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လမှာ ဖွဲ့စည်း ပေးခဲ့ပါတယ်။ ဒါကြောင့် ပြင်ဆင်ချိန်များစွာရရှိခဲ့တဲ့ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ NLD အစိုးရရဲ့ပြီးခဲ့တဲ့ ငါးနှစ်တာကာလကို ဘယ်လိုများသုံးသပ်ပါသလဲ။ NLD ရဲ့ အဓိကအားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲခင်ဗျာဟူသော အဆာဟိရှင်ဘွန်း (Asahi Shimbun) သတင်းစာ၏မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ‘NLD ပါတီအစိုးရ အနေနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပြီး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ကမ္ဘာကရော၊ မြန်မာ ပြည်သူများပါ မြင်နေတဲ့အတိုင်းပဲဖြစ်ပါတယ်’ဟု ဖြေကြားခဲ့သည်။
‘လက်ရှိ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် ပြင်ဆင်ဖို့လိုကြောင်း NLD က ပြောထားပါတယ်။ အဲဒီအပေါ် ဘယ်လိုများထင်မြင်ပါသလဲခင်ဗျာ။ ဒီနှစ်ထဲမှာပဲ အခြေခံဥပဒေပြင်ဆင်ရေးလွှတ်တော်ထဲမှာ ကြိုးပမ်းမှုကို တပ်မတော်သားကိုယ်စားလှယ်တွေကပယ်ချခဲ့ပါတယ်။ ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ပြင်ဆင်ဖို့အတွက် လိုအပ်ချက်ကဘာပါလဲခင်ဗျာ’ဟူသောမေးခွန်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ‘မြန်မာ့နိုင်ငံရေးစနစ်ဟာ လက်ရှိမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးကြာအောင် ဗဟိုဦးစီးနိုင်ငံရေးစနစ်နဲ့ သွားခဲ့ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူများ ပါတီစုံဒီမိုကရေစီစနစ် ကို အသားကျဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လုံခြုံရေး တည်ငြိမ်မှုများရှိဖို့လိုအပ်ပါတယ်။ လက်ရှိမှာ ဒီအချက် တွေပြည့်စုံနေပြီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ် အခန်း(၁)နဲ့ အခန်း(၈)အရ နိုင်ငံတော်က ပြည်သူ တွေကို အာမခံချက်တွေပေးထားပြီး ဖြစ်ပါတယ်။ ဒါကို အငြင်းပွားစရာမရှိသော်လည်း ဒီအပေါ်မှာ အငြင်းပွားနေတဲ့လူလည်းရှိနိုင်ပါတယ်။ အဲဒီအာမခံချက်တွေအပေါ်မှာ ပြည့်ပြည့်ဝဝရရှိနိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ လွှတ်တော်အတွင်းမှာ၂၅ ရာခိုင်နှုန်း ပါဝင်ထားတာဖြစ်တယ်။ ဒီလိုပါဝင်တဲ့အတွက်ကြောင့် ဥပဒေပြုရေးကိုလည်း ထိခိုက်မှုမရှိပါဘူး။ တပ်မတော်သား၂၅ ရာခိုင်နှုန်းရဲ့ထောက်ခံချက်မလိုအပ်ဘဲ ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေတွေရှိပါတယ်။ ပြည်သူ့အရေးရှေးရှုပြီး ဒါတွေကို ဘယ်လောက်လုပ်ခဲ့ကြပြီးပြီလဲ။ နိုင်ငံရေးအရ Mature မဖြစ်သေးခြင်း၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးကိစ္စများ ရှိနေသေးတဲ့အတွက်၂၅ ရာခိုင်နှုန်းပါဝင် နေရခြင်းဖြစ်တယ်’ဟု ဖြေကြားခဲ့သည်။
http://sdtimedaily.com/2020/11/06/shp28-70/
No comments:
Post a Comment