ခိုင်အရေးဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့်ကျောင်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားစွဲမှု ကိုရုပ်သိမ်းရန် အဖွဲ့ ၁၀ ခုတောင်းဆို
By Western News
ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့် အင်တာနက်ဖြတ်တောက် ထားသည့်အပေါ် တောင်းဆို ဆန္ဒပြမှုများကြောင့် မတရားဖမ်းဆီးခံထားရသည့် ကျောင်းသားများကိုပြန်လွှတ်ပေး ရန်နှင့် တရားစွဲဆိုမှု ဆက်လက်မပြုလုပ်ရန် မြန်မာနိုင်ငံအစိုးရထံသို့ တောင်းဆိုသည့်ကြေညာချက်တစ်စောင်ကို လူ့အခွင့်အရေးအဖွဲ့အစည်း ၁၀ ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။
အဆိုပါ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၀ ဖွဲ့မှာ Access Now ၊ Amnesty International ၊ ARTICLE 19 ၊ Assistance Association For Political Prisoners ၊ Athan-Freedom of Expression Activist Organization ၊ Burma Hman Rights Network ၊ Civil Rights ၊ Defenders Fortify Rights ၊ FORUM-Asa နှင့် Human Rights Watch တို့ဖြစ်သည်။
ယခုလိုဖမ်းဆီးတရားစွဲဆိုထားသည့်ကျောင်းသားများကိုပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုမှုကိုဆက်လက်မပြုလုပ် ရန် အစိုးရထံသို့ တောင်းဆိုရခြင်းမှာ ပြစ်မှုနှင့် ပြစ်ဒဏ်မမျှသည့်အပြင် ယခုလိုပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း သည်ဆိုးဝါးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုဖြစ်သည့်အတွက်တောင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု အသံအဖွဲ့( အမှုဆောင်ဒါရိုက်တာ) ကိုမောင်ဆောင်းခကပြောသည်။
“ ဆန္ဒပြလို့ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကျောင်းသားတွေကို တရားရုံးကပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ရာမှာ မမျှတဘူးလို့ မြင်တယ်။ ဒီလိုတရားစွဲဆိုမှုပေါ်မှာ အရေးယူတာ လတ်တလောမှာဆိုရင် ထောင်ဒဏ် ခုနှစ်နှစ်ချထားတယ်။ နောက်ထပ်လည်း အမှုတွေရင်ဆိုင်ရအုံးမှာဆိုတော့ ဒါကတော်တော်လေးကို ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက် မှုဖြစ်တယ်။ ဒါ့ကြောင့်မို့ ဒီဟာကိုဦးတည်ပြီးတော့ တောင်းဆိုရခြင်းဖြစ်တယ်။ ”ဟု ပြောသည်။
လက်ရှိရခိုင်ပြည်နယ်အရေးနှင့် အင်တာနက်ဖြတ်တောက်ထားသည့်ကိစ္စများနှင့် ပတ်သက်ပြီးတောင်းဆိုဆန္ဒပြခဲ့ ခြင်းကြောင့် မတရားဖမ်းဆီးပြီး တရားစွဲဆိုခံထားရသည့်ကျောင်းသားဦးရေမှာ ၆၁ ဦးရှိသည်ဟု ကိုမောင်ဆောင်းခကပြောသည်။
“စာရင်းရဆိုရင်တော့ ဖမ်းဆီးခံထားပြီးတရားစွဲဆိုခံထားရတဲ့ ကျောင်းသားနှစ်ဆယ့်တစ်ဦးရှိတယ်။ ပြီးတော့ အမှုရင်ဆိုင်ပြီး တာတွေရော၊ ဝရမ်းနဲ့တိမ်းရှောင်နေကြရတဲ့ကျောင်းသားတွေနဲ့ဆိုရင်အခုအချိန်ထိ စုစုပေါင်း လူဦးရေ ခြောက်ဆယ့်တစ်ဦးရှိတယ်”ဟု ပြောသည်။
ရခိုင်အရေးနှင့် ပတ်သက်ပြီးတောင်းဆိုဆန္ဒပြခဲ့ကြသည့်ကျောင်းသားများမှာ စတေကာကပ်ပိန်းအနေနှင့်ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။ ယင်းကြောင့် ယခုလိုစတေကာကပ်ပိန်းပြုလုပ်ကြသည့်ကျောင်းသားများကို တရားရုံးက ပုဒ်မကြီးများဖြင့် ထောင်ဒဏ်ချရန်မလို အပ်ကြောင်း၊ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အစိုးရအနေနှင့် မဖြစ်အနေအာမခံပေးရန် တာဝန်ရှိကြောင်းလည်း ကိုမောင်ဆောင်းခကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့တွင် မန္တလေး၌ပြုလုပ်သော စစ်ဆန့်ကျင်ရေးဆန္ဒပြမှုတွင် ပါဝင်သည့် ဗ-က-သ အဖွဲ့ချုပ်မှ ကျောင်းသား ၁၅ ဦးမှာ ငြိမ်းစုစီပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အသီးသီးတရားရင်ဆိုင်နေကြ ရသည်။
အလားတူ စစ်တွေမြို့တွင် ဆန္ဒပြခဲ့ကြသည့်ကျောင်းသားများထဲမှ ကျောင်းသား ၄ ဦးမှာလည်း နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားရင်ဆိုင်နေကြရသည်။
https://www.facebook.com/khitthitnews/posts/1071840426586636?__cft__[0]=AZX0czM7buDE_6Rb_o24HLWsvhg1PgJAV-bhJjGAK68PLb9deLn35hQIaLJBJ4b4qAFR0lLidUMB3fSzZ8mYVYre02aEq8nvKS5qnsOum931nsQwKdiqhq5bEbeeYi15mzGKECV50HdLYRxO_eQcIF42&__tn__=%2CO%2CP-R
No comments:
Post a Comment