Tuesday, November 24, 2020

မြန်မာအစိုးရဖွဲ့စည်းပေးထားသည့် ICOE အဖွဲ့ ၏ ရခိုင်အရေး အပြီးသတ်အစီခံရင်စာ တပ်မတော်နှင့်အစိုးရ ပူးပေါင်းလိမ်လည်ဟု BHRN ဝေဖန်

 မြန်မာအစိုးရဖွဲ့စည်းပေးထားသည့် ICOE အဖွဲ့ ၏ ရခိုင်အရေး အပြီးသတ်အစီခံရင်စာ တပ်မတော်နှင့်အစိုးရ ပူးပေါင်းလိမ်လည်ဟု BHRN ဝေဖန်

By Western News
ရခိုင်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၆- ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် တပ်မ တော်နှင့် ARSA အဖွဲ့တို့ကြားတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(Independent Commission of Enquiry-ICOE) ကိုဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မရှင်မှ အပြီးသတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာ၌ဖော်ပြခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုရှိတွင် ARSA နှင့်ပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှု၊ ဒေသခံတိုင်းရင်းသားများကျူးလွန်မှု ၂၉ မှုဖြစ်၍ အရေးယူ ဆောင်ရွက်ရမည့် စုစုပေါင်းအမှု ၁၃၉ မှုရှိကြောင်းဖော်ပြသည်။
အဆိုပါထုတ်ပြန်ချက်မှာ တစ်ဖက်စောင်းနင်းထုတ်ပြန်ချက်ဖြစ်ပြီး အမှန်တကယ်ကျုးလွန်သူများဖြစ်သည့် တပ်မတော်အရေးမယူဘဲ တစ်ခြားသူများကိုအရေးယူနေသလို တပ်မတော်နှင့်အစိုးရတို့ ပူးပေါင်းကြံစည်မှုသာဖြစ်ကြောင်း Burma Human Right Network ၏အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပြောဆိုလိုက်သည်။
“ဒီအထဲမှာ အရေးယူထားတာက အာဆာအဖွဲ့နဲ့ပူးပေါင်းပါဝင်သူတို့၊နယ်ခြားစောင့်ရဲတို့၊ ဒေသခံတို့ကိုပဲ အရေးယူထားတာတွေ့ ရတယ်။ တကယ် လူ့အခွင့် အရေးကျူးလွန်တာက စစ်တပ်ကဖြစ်တယ်။ ဘယ်မှာလဲ စစ်တပ်ကိုအရေးယူတာ။ တကယ်ကျူးလွန်တဲ့ သူတွေကို အရေးမယူဘဲနဲ့တစ်ခြားသူတွေကိုပဲအရေးယူတယ်။ သူတို့ အရေးယူဆောင်ရွက်တဲ့စနစ်တွေကကော ဘယ်လောက်ခိုင်မာလဲ”ဟုပြောသည်။
ICOE အစီရင်ခံစာတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများသည် လူ သတ်မှု၊မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု အပါဝင် ရာဇဝတ်မှု ၈၇ မှုကိုကျုးလွန်ခဲ့ပြီး ၎င်းအနက် ၆၇ မှုကိုအမှုဖွင့်ဆောင်ရွက်လျှက်ရှိပြီး အမှု ၂၀ မှု ကျန်ရှိကြောင်းဖော်ပြထားသည်။
ယင်းအပြင် အစီရင်ခံစာ၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုအပါဝင် ရာဇဝတ်မှု ၂၃ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ အမှု ၂၃ မှုကို အမှုဖွင့်ဆောင်ရွက်လျှက်ရှိပြီး ဒေသခံတိုင်း ရင်းသားများသည် လူသတ်မှု၊ မီးရှို့မှု၊ပစ္စည်းဥစ္စာဖျက်စီးမှုအပါဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုကိုကျူးလွန်ခဲ့သည့်ဟု ဖော်ပြထားရာ အမှု ၂၀ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး အမှု ၉ မှုကျန်ရှိကြောင်းဖော်ပြသည်။
“ဒီ(မူရင်းအခေါ် - ရိုဟင်ဂျာ) မွတ်စလင်တွေကိုဖမ်းတယ်ဆိုတာက သူတို့ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းထားတာဖြစ်တယ်။ ဒီလူတွေ အာဆာဖြစ်တယ်၊ အာဆာနဲ့ပူးပေါင်းတယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ။ ရိုဟင်ဂျာတွေကို ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ ပြီးရင်အဲဒါကိုအရေးယူတယ်ဆိုပြီးလုပ်တယ်။ ပြီးရင်ပြန်လွှတ်တာပဲ။ အဲဒါ တပ်မတော်နဲ့ အစိုးရက နှစ်ပေါက်တစ်ပေါက်ရိုက်နေတယ်လို့ပဲမြင်တယ်။ ဒီ ICOE ရဲ့အစီအရင်ခံစာကိုက တစ်ဖက် စောင်းနင်းဖြစ်နေတယ်။ စစ်တပ်ရဲ့ တကယ်ကျူးလွန်ထားတဲ့ဂျီနိုဆိုက်တွေကို စစ်ဆေးမေးမြန်းထားတာလည်းမရှိဘူး။ နောက်တစ်ခါ နိုင်ငံတကာကိုလည်း ဝင်ရောက်စစ်ဆေးဖို့ခွင့်မပြုဘူး၊ နိုင်ငံတကာသတင်းဌာနကိုလည်း ဝင်ရောက်သတင်းယူခွင့်ပေးမထားဘူး။ ဆိုတော့ ဒါတွေက မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ဘူး။ ဒါတွေက နောက်ထပ် တပ်မတော်နဲ့အစိုးရက ပူးပေါင်းလိမ်လည်မှုတစ်ခုသာဖြစ်တယ် လို့မြင်ပါတယ်” ဟုလည်း ဦးကျော်ဝင်းကပြောသည်။
ICOE အစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ဆောင်ရွက်မှု ပထမအကြိမ်အစီရင်ခံစာကို ၁-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာ ကို ၁-၁၁-၂၀၂၀ ရက်နေ့တွင် လည်းကောင်း ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ကြောင်းလည်း ဖေါ်ပြထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ တိုင် ကြား ချက်များ လက်ခံဆောင်ရွက်မည့် တိုင်တန်းမှု ယန္တရား တစ်ရပ်ကို တည်ထောင်ပြီး ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆောင်ရွက်ချက်များကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်သွားမည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ကာလ တပ်မတော်နှင့် ARSA အဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်များတွင် လူ့အခွင့် အရေးချိုးဖောက်မှုများရှိသည်ဆိုသော စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးနိုင်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ICOEခေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဖိလစ်ပိုင် ဒုနိုင်ငံ ခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ၏ ဥက္ကဋ္ဌဟောင်းဖြစ်သည့် ရိုဆာရီယိုမယ်နာလို က ဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်ဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ညှိနှိုင်းရေးမှူးဟောင်း၊ ကုလ သမဂ္ဂ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း ကင်ဇိုအိုရှီးမားနှင့် ဒေါက်တာအောင်ထွန်းသက်တို့ က အဖွဲ့ဝင်များအဖြစ်ပါဝင်သည်။

https://www.facebook.com/khitthitnews/posts/1072041619899850?__cft__[0]=AZWghjs9CIZfiSx3DI_37ebXep6woTIvhImh7UkNuwUZHzRg-isFi-N6qjpGsWWibHn2jOTxCikp2U6VzJ1nlcLtyFRI0hN-qVggy1K852I8ug9NYgKaF6v30QjbHUgtCFEvIu7DEUYm8Us-cqib7U0v&__tn__=%2CO%2CP-R

No comments:

Post a Comment