Wednesday, November 4, 2020

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသတင်းမီဒီယာ များနှင့် တွေ့ဆုံပြီး ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြား

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသတင်းမီဒီယာ များနှင့် တွေ့ဆုံပြီး ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ ညနေ ၄ နာရီတွင် သတင်းမီဒီယာများနှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေး

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၁၁၉ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းဟာ ယင်းလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပတဲ့နေ့ရက်ကစပြီး (၅)နှစ် ဖြစ်ပါတယ်။ ပုဒ်မ ၁၅၁ အရ အမျိုးသားလွှတ်တော်ရဲ့ သက်တမ်းဟာ ပြည်သူ့လွှတ်တော်သက်တမ်းအတိုင်း ပဲ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၂၃ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်း တစ်ရပ်စတင်တဲ့ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင် ကျင်းပတဲ့ နေ့ရက်မှ ရက်ပေါင်း (၉၀)အတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။ ပထမ အကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို (၃၁-၁-၂၀၁၁) ရက်မှာ စတင်ကျင်းပခဲ့တဲ့ အတွက် (၃၀-၁-၂၀၁၆)ရက်မှာ သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို (၈-၁၁-၂၀၁၅)ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန် အစည်းအဝေးကို (၁-၂-၂၀၁၆)ရက်မှာ စတင်ကျင်းပခဲ့ကာ (၃၁-၁-၂၀၂၁)ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲကို (၈-၁၁-၂၀၂၀)ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတာက တတိယအကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန် အစည်းအဝေးကို ဒုတိယ အကြိမ်လွှတ်တော်ရဲ့ သက်တမ်းကုန်ဆုံးမယ့် (၃၁-၁-၂၀၂၁)ရက်နဲ့ ချိတ်ဆက် မိစေဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကနေ ရက်ပေါင်း (၉၀) အတွင်းမှာ တတိယအကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေး ခေါ်ယူရမှာ ဖြစ်ပါတယ်။

“တတိယအကြိမ် လွှတ်တော်ရဲ့ သက်တမ်းဟာ (၁-၂-၂၀၂၁)ရက် မှာ စတင်ရမှာ ဖြစ်တဲ့ အတွက် ဘယ်နေ့ဘယ်ရက်မှာ လွှတ်တော်စတင်ကျင်းပမှာ ဖြစ်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်ယူခြင်းကို သက်ဆိုင်ရာ လွှတ်တော်တွေကနေ ဥပဒေ၊ နည်းဥပဒေ အရ လွှတ်တော် မစတင်မီ (၂၁)ရက် ကြိုတင်ပြီး အမိန့်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် တတိယအကြိမ်လွှတ်တော် အနေနဲ့ ပြည်သူ့ လွှတ်တော်ဟာ (၁-၂-၂၀၂၁)ရက်မှာ စကိုစရမှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကို ပြည်သူ့လွှတ်တော်စပြီး (၇)ရက် အတွင်း စတင်ကျင်းပရပါမယ်။ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့ လွှတ်တော်စပြီး (၁၅)ရက်အတွင်း စတင်ကျင်းပရမှာ ဖြစ်ပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးဖို့ (၁၂)ရက် ကြာတယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ဖို့ အချိန်က (၂၁)ရက်၊ ဒီတော့ (၃၃)ရက် အချိန်ယူရမှာ ဖြစ်တာကို တွေ့ရှိရပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းရရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ မေးကြည့်ပါတယ်။ မေးကြည့်တော့ ပြောင်းလိုက်တဲ့နေ့ရက်မှာ အသက် (၁၈)နှစ်ပြည့် မယ့် မဲဆန္ဒရှင် စာရင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ကြည့်ရင် မဲစာရင်းတွေ ရပ်/ကျေးက ကောက်ယူမယ်၊ ပြီးရင် ဥပဒေပါသတ်မှတ်ချက်တွေနဲ့ ညီညွတ်ခြင်း ရှိ-မရှိ လဝကက စိစစ်မယ်၊ စိစစ်ပြီး ရွေး/ကော်ကို အတည်ပြုချက်ပေးမယ်။ လဝက က စိစစ်လာတဲ့စာရင်းကို မဲစာရင်းမှာ ထည့်မယ်။ ဒီလို မဲစာရင်း ဖြစ်ဖို့ ကောက်ယူတာ၊ စိစစ်တာ၊ မဲစာရင်းထည့်တာ အနည်းဆုံး ရက်(၂၀)ကြာပါတယ်။ ဒါက အမြန်ဆုံးနှုန်းထားကို ပြောတာဖြစ်ပြီး လူဦးရေ များရင်များ သလို ပိုပြီး ကြာနိုင်ပါတယ်။ ပြီးရင် မဲစာရင်းကို ထုတ်ပြန်ကြေညာပေးတဲ့အခါ ဥပဒေ၊ နည်းဥပဒေအရ ရက်ပေါင်း (၁၄)ရက် ကြေညာထားရမှာ ဖြစ်ပါတယ်။ ကန့်ကွက်တာ၊ မပါလို့ လျှောက်ထားတာ ဒါတွေကို (၇)ရက်အတွင်း လုပ်ပေးရပါတယ်။ ကန့်ကွက်တဲ့ကိစ္စ၊ လျှောက်ထားတဲ့ ကိစ္စ တွေကို မကျေနပ်ရင် ရပ်ကျေးကနေ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို အယူခံတက်ဖို့က အချိန်(၃)ရက် ပေးထားပါတယ်။ ဒီတော့ မဲစာရင်းအသစ်တိုးလာတာနဲ့ ပတ်သက်ပြီး စုစုပေါင်း (၄၄)ရက် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါက အမြန်ဆုံးနှုန်းနဲ့ တွက်ထားတဲ့ အချိန် လိုအပ်ချက်ဖြစ်ပါတယ်။

“ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ လွှဲပြောင်းတာ က (၁၂)ရက်၊ လွှတ်တော်အစည်းအဝေးခေါ်ဖို့အချိန်က (၂၁)ရက်၊ ရွှေ့မယ် ဆို အနည်းဆုံး လိုအပ်ချက်က (၄၄)ရက်၊ ဆိုတော့ စုစုပေါင်း (၇၇)ရက်၊ နှစ်လခွဲကျော် အချိန် အနည်းဆုံး လိုအပ်ပါတယ်။

ရွှေ့ဆိုင်းရေး တိုက်တွန်းမှုများ

 “ဒီကြားထဲမှာလည်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ ပြောဆိုတာ တွေ၊ ထုတ်ပြန်တာတွေ၊ တိုက်တွန်းတာတွေ ကြားသိရပါတယ်။ ဒါပေမယ့် အခုလို Election Process အရ ကြားမှာ အနည်းဆုံး (၂)လခွဲ အချိန် လိုအပ်ချက် ရှိနေတဲ့အတွက် ရွှေ့ဆိုင်းဖို့ဆိုတာ ကော်မရှင် အနေနဲ့ အင်မတန်မှ ခက်ခဲတယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ နောက်တစ်ချက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေး အခြေအနေတွေကိုလည်း ထည့်သွင်းပြီး ခြုံငုံသုံးသပ်ခဲ့ရတာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ စတင်ခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး နိုဝင်ဘာလ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း အနည်းဆုံး နိုင်ငံပေါင်း ၈၀ မှာ ရွေးကောက် ပွဲ၊ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပဖို့ လျာထားဆုံးဖြတ်ထားခဲ့တာ တွေ့ရှိရပါတယ်။ ဒီထဲက မှ နိုင်ငံပေါင်း ၆၂ နိုင်ငံမှာ မူလဆုံးဖြတ်လျာထားတဲ့အတိုင်း ကျင်းပခဲ့ကြတာ တွေ့ရှိရ ပါတယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို အကြောင်းပြုပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံက ရွှေ့ဆိုင်းဖို့ စဉ်းစားဆောင်ရွက်ခဲ့ကြပေမယ့် ဒီ ၃၉ နိုင်ငံမှာ ၂၂ နိုင်ငံက ဆက်လက် ကျင်းပခဲ့တာ တွေ့ရှိရပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ စဉ်းစား သုံးသပ်တဲ့ အခါမှာ COVID-19 ကူးစက်မှု ပြည်တွင်းအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရ တာ ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ခံရလို့ ရောဂါပိုးတွေ့ရှိသူ (၂၉၉)ဦး၊ သေဆုံးသူ စုစုပေါင်း (၆)ဦး ရှိခဲ့တာ တွေ့နိုင် ပါလိမ့်မယ်။ ဒီနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို ဇူလိုင်လ (၁)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“တစ်ဆက်တည်းမှာပဲ အစိုးရအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးတဲ့ ပြည်သူတွေ လုံခြုံစိတ်ချ ဘေးကင်းစွာ မဲပေးနိုင်ဖို့ နည်းလမ်းအမျိုးမျိုး စဉ်းစား ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေး ကျင်းပတော့မယ့် အချိန်မှာလည်း (၂၁) ရာစုပင်လုံညီလာခံကို ရွှေ့ဆိုင်းပေးဖို့ တိုက်တွန်း မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တိုက်တွန်းတဲ့သူတွေရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေကို နားလည်ပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ဒီလိုစိုးရိမ် ပူပန်မှုတွေ မရှိရလေအောင် အထူးတလည် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ညီလာခံ ကိုယ်စားလှယ်(၇၀၀)ကို သုံးပုံတစ်ပုံ လျှော့ချခဲ့ပါတယ်။ လေ့လာသူတွေ၊ အထူး ဧည့်သည်တွေ တက်ရောက်ခွင့်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ COMID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပ နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို နိုင်ငံရေး အရ အနှစ်သာရပြည့်ဝပြီး ၂၀၂၀ အလွန် ဆက်လက်ပုံဖော်မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ သဘောတူညီချက်တွေ ရရှိ ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကာလမှာပဲ ရောဂါကူးစက်မှု အထူးပြုကာကွယ်နိုင်ခဲ့ သလို ခက်ခဲလှတဲ့ သဘောတူညီချက်တွေလည်း ရရှိခဲ့တဲ့အတွက် အောင်မြင်တဲ့ မှတ်တိုင် တစ်ခု ဖြစ်ခဲ့ရပါတယ်။

“နောက်တစ်ခုက COVID-19 ကပ်ရောဂါရဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ COVID-19 ကူးစက်မှုအခြေအနေဟာ အခုနောက်ပိုင်း လျော့ကျလာတယ် ဆိုပေမယ့် ပေါ့လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာလည်း Second Wave နဲ့ Second Lockdown တွေကြားသိနေကြပြီး ဖြစ်ပါလိမ့်မယ်။ COVID-19 လုံးဝ ကင်းစင်တဲ့ အခြေအနေ၊ ကူးစက်မှုလုံးဝ မရှိတော့တဲ့အခြေအနေ ဆိုတာကလည်း အတိအကျ မပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စောစောက ရှင်းလင်းတင်ပြခဲ့တဲ့ အချိန်ဇယားတွေအရ ရွှေ့ဆိုင်းဖို့ မလွယ်ကူလှတဲ့အနေ အထားဖြစ်တာ နားလည်မယ် ထင်ပါတယ်။ ဒါ့ကြောင့် (၂၁)ရာစု ပင်လုံညီလာခံကို COVID-19 ကပ်ရောဂါကာလမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလိုပဲ ရွေးကောက်ပွဲ ကို သေသေချာချာ စနစ်တကျ ပြင်ဆင်ပြီး ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။

“ဒါ့ကြောင့် အခုလာမယ့် ရွေးကောက်ပွဲမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အကောင်းမွန်ဆုံး ပြင်ဆင်မှုတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပံ့ပိုးကူညီ ဖြည့်ဆည်းမှုတွေ ဆောင်ရွက် ပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ မီးမောင်းထိုး ပြောကြားရရင် ပထမအချက်အနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ထိခိုက်လွယ်တဲ့ အသက်အရွယ်ကြီးရင့်တဲ့ လူကြီးသူမတွေ ကြိုတင်မဲ ပေးနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအချက် အနေနဲ့ COVID-19 stay Home သတ်မှတ်ချက်ကြောင့် ခရီးသွားလာရေး အခက်အခဲ ဖြစ်နေတဲ့ မဲဆန္ဒရှင်တွေ မဲဆန္ဒနယ် ပြင်ပရောက်ပြီး မဲပေးနိုင်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်။ တတိယအချက် အနေနဲ့ COVID-19 ကြောင့် ဆေးရုံတက်နေရသူတွေ၊ Quarantine ဝင်နေရသူတွေ မဲပေးနိုင်ဖို့ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ နိုဝင်ဘာလ ၈ ရက်မှာ မဲပေးကြတဲ့အခါ လုံခြုံဘေးကင်းစွာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေ တိုးချဲ့ပြီး လူတွေကို ခွဲထုတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ မဲရုံတွေမှာ လူတွေ စုပြုံတိုးဝှေ့ နေတာမျိုး မဖြစ်စေဖို့ မဲရုံတွေ တိုးချဲ့ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၅ မှာ စုစုပေါင်းမဲရုံ (၄၀၂၃၃) ရုံ ရှိခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း မဲရုံ (၄၂၀၄၇)ရုံ ရှိလာ မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တဲ့ နယ်မြေဒေသတွေ တိုးလာပေမယ့် မဲရုံ အရေအတွက် လျော့ကျမသွားဘဲ နောက်ထပ် မဲရုံ(၁၈၁၄)ရုံ တိုးမြင့် လာတာကို ကြည့်ရင် သိနိုင်ပါ တယ်။ ပဉ္စမအချက်အနေနဲ့ မဲရုံတွေ၊ ယာယီမဲရုံတွေမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြီးတော့ လက်တွေ့သရုပ်ပြမဲပေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မဲရုံထဲမှာ ရှိနေမယ့် မဲရုံဝန်ထမ်းတွေ၊ မဲလာပေးမယ့် မဲဆန္ဒရှင် ပြည်သူတွေအတွက် COVID-19 ကူးစက်မှု မရှိရလေအောင် လိုအပ်ချက်တွေကို အကြိမ်ကြိမ် စိစစ်မှုတွေ ပြုလုပ်ပြီး ကျန်းမာရေး Guideline ၊ အကြံပြုချက်တွေနဲ့အညီ တွက်ချက်လိုက်တဲ့အခါမှာ KN-95 Mask ၊ PPE ၊ Protective Face Mask ၊ Boot ၊ Boot Coven Face Shield ၊ Surgical Gloves ၊  Exam Glove ၊ Surgical Google ၊ Surgical Gown ၊ Medical Cap လိုအပ်ချက်တွေ ရရှိလာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စတင်နေပြီ ဖြစ်ခြင်း

“ကမ္ဘာတစ်ဝန်းမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ သက်ဆိုင်ရာ သံရုံးတွေမှာ ကြိုတင်မဲပေးနိုင်ရေးကို အောက်တိုဘာလ ၁ ရက်ကစတင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ အစောဆုံးမှာ စင်္ကာပူရှိ မြန်မာသံရုံးဖြစ်ပါတယ်။ ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးသူဦးရေထက် သုံးဆ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။ အခုဆိုရင် ပြည်ပမှာရှိတဲ့ မြန်မာ သံရုံးတွေမှာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ မဲပေး နေကြပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ကြိုတင်မဲ အမျိုးမျိုးကို ပြည်သူတွေ တက်တက်ကြွကြွ စိတ်အားထက်သန်စွာနဲ့ မဲပေးနေကြပါပြီ။ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံတွေမှာ မဲပေးတာတွေကို သတင်းရယူဖို့အတွက် အိမ်တော် သတင်းထောက်တွေ အားလုံးလည်း ကြိုတင်မဲပေးပြီးကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာလကတည်းက စတင်နှင့်ပြီး ဖြစ်တယ် ဆိုတာကို ပြောကြားလိုပါတယ်။ 

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို ကူးပြောင်းစနိုင်ငံတွေအတွက် လူထုက ကိုယ်ကြိုက်တဲ့သူကို မဲပေး ရွေးချယ်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ပြည်သူတွေအနေနဲ့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးသလို တန်ဖိုးလည်းထားရမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရေးဟာ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ ဦးစားပေးမူဝါဒလည်း ဖြစ်ပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပြုသဘော ဆောင်တဲ့ ဝေဖန်ထောက်ပြမှု များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ယခု ထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာ၊ သေချာမှု မရှိတဲ့ ပြောကြားချက် များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ် တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက် ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ Popular News တို့တွေ့ဆုံမေးမြန်း ခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှု မရှိပါဘူး။

“၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၂၆)၊ ပုဒ်မခွဲ(က)အရ “နိုင်ငံ့ဝန်ထမ်း များသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ် လို့ ပြဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (င) အရ “ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ် ၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလို သည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ် များနှင့် အကျုံးဝင်ခြင်း မရှိစေရ လို့ ပြဌာန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို တာဝန်ခံရမည် ဟု ဥပဒေများတွင် လုံးဝ ပြဋ္ဌာန်းထားခြင်း မရှိတာကို သတိပြုသင့်ပါတယ်။

“နိုင်ငံတော်သမ္မတအိမ်တော်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်က နိုင်ငံတော် သမ္မတကြီးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံချိန် တုန်းက နိုင်ငံတော်သမ္မတကြီးက ကော်မရှင် ဥက္ကဋ္ဌကို ခန့်အပ်ရာမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းဝင်မှမဟုတ်ဘဲ ပါမောက္ခ ချုပ်၊ အုပ်ချုပ်သူ အငြိမ်းစားကို ခန့်တာဟာ သမာသမတ်ကျစေဖို့ ရွေးခန့်တာ ဖြစ်ကြောင်း၊ ဥပဒေနဲ့ အညီ လွတ်လပ်ပြီး မျှတရန် လိုအပ်ကြောင်း၊ မျှမျှတတပဲ ဖြစ်စေချင်ကြောင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တစ်ထပ်တည်းကျပြီး မျှတရမည်၊ လွတ်လပ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်။ အများ ယုံကြည်လက်ခံနိုင်ရမည် စသည့် စံ(၅)ချက်အတိုင်း ဖြစ်စေလိုကြောင်း၊ မိမိတို့၏ ခံယူချက်မှာ လွတ်လပ်ပြီး တရားမျှတရမည်။ ပြီးလျှင် သန့်ရှင်းရမည် ဖြစ်ကြောင်း၊ နိုင်ရင်ပြီးရော၊ ဘယ်နည်းနှင့် နိုင်နိုင်၊ နိုင်အောင်ချမည် ဆိုတာ၊ နိုင်လည်း သိက္ခာမဲ့ ကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း လမ်းညွှန် မှာကြားခဲ့ပါတယ်။

“ဒီတွေ့ဆုံမှုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်ကြားရေး၊ ပို့/ဆက်၊ အလုပ် သမား/လဝက၊ ပညာရေး၊ ကျန်းမာ/အားကစား၊ လူ/ကယ်/ပြန် ဝန်ကြီးဌာနတွေ က ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ တက် ရောက်ခဲ့ကြပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြင်ဆင်ချိန် ၄ နှစ်၊ ၇ လနဲ့ ၉ ရက် ရရှိခဲ့တာ လည်း မှန်ပါတယ်။ အရင်ကော်မရှင်တုန်းကလည်း မဲစာရင်းအမှားအယွင်းတွေ၊ ကြိုတင်မဲ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။ အရင်တုန်းက အက္ခရာစဉ်လိုက် မဲစာရင်းပြုစုမှုကြောင့် မဲစာရင်း အမှားအယွင်း၊ အိမ်ထောင်စုတစ်စုတည်းက မိသားစုဝင် တွေ မဲရုံအများကြီးဆီကို ပြန့်နှံ့ရောက်ရှိ သွားခဲ့တာမျိုး ရှိခဲ့တာ တွေ့ရပါတယ်။ အခု ကော်မရှင် လက်ထက်မှာ မဲစာရင်းတွေ (၂)ကြိမ် ပြန်လည် ကြေညာပြီး မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံး ရလေအောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိ ရပါတယ်။ ယခုရွေးကောက်ပွဲဟာ မတ်လက စတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါကြားမှာ သန့်ရှင်း မျှတအောင် လုပ်ရခြင်း ဖြစ်ပါတယ်။

“အခုကြိုတင်မဲပေးတာတွေနဲ့ပတ်သက်လို့လည်း တည်ဆဲဥပဒေကို ကျော်လွန်တဲ့ ကြေညာချက်ဆိုတာကိုလည်း စိစစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ “ကြိုတင်ဆန္ဒမဲ ပေးကြသည့် မဲဆန္ဒရှင်များသို့ အသိပေးကြေညာချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဓိကအားဖြင့် ပယ်မဲအဖြစ် သတ်မှတ်မှာမဟုတ်တဲ့ အချက်တွေကို သက်ဆိုင် ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၆(ဃ)နဲ့အညီ ဆောင်ရွက်ထားတာကို တွေ့ရှိရပါတယ်။ကော်မရှင် အဖွဲ့ခွဲ များရဲ့ ချို့ယွင်းချက်၊ အားနည်းချက်ကြောင့် မဲဆန္ဒရှင်ရဲ့ အခွင့်အရေး ဆုံးရှုံးခံရ မယ်ဆိုတာ တရားမျှတမှု မရှိပါဘူး။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာလည်း အဲ့ဒီတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထုတ်ပြန်ခဲ့တာကို တွေ့ရှိရပါတယ်။

“ကြိုတင်မဲကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေက ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဖြစ်မြဲအတိုင်း ဖြစ်နေကြတာ တွေ့ရှိရပါတယ်။ ကြိုတင်မဲစာအိတ် တွေရဲ့ အရည်အသွေး၊ မဲပုံးတွေရဲ့ အရည်အသွေးကိုလည်း ပြန်ပြီး စိစစ်နေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပဲ လူကြောင့်ဖြစ်တဲ့ အငြင်းပွားဖွယ်ရာတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ပြည်ပ ကြိုတင်ဆန္ဒမဲ လက်မှတ်တွေ နိုင်ငံမှားပြီး ရောက်ရှိသွားခြင်း၊ လဲလှယ်ပေးဖို့ အချိန် မမီခဲ့ခြင်း၊ မဲဆန္ဒရှင် တစ်ဦးကို မဲလက်မှတ် တစ်စောင်သာ ပေးခွင့်ရခြင်း စသည်တို့ ဖြစ်ပွားခဲ့ပါတယ်။ သာမန်အားဖြင့် နိုင်လိုစိတ် ကြီးလာကြ လေလေ၊ မသမာမှုတွေ များလာလေလေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ အနေနဲ့ သန့်သန့်ရှင်းရှင်း၊ တရားနည်းလမ်းကျကျ၊ ဥပဒေနဲ့အညီ၊ သိက္ခာရှိရှိ ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားနေ သော်လည်း တရားမျှတမှု မရှိအောင် ကြိုတင်ပြီး ပုံဖော်နေတာလည်း တွေ့ရပါတယ်။

“တစ်ကယ်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဟာ မလွယ်ကူပါ ဘူး။ စိန်ခေါ်မှု၊ တိုက်ခိုက်မှုတွေကလည်း များပါတယ်။ အရင်ကော်မရှင်ဥက္ကဌလည်း သက်တမ်း တစ်လျှောက်လုံး ဝေဖန်တိုက်ခိုက်မှုတွေ အများအပြား ကြုံတွေ့ခဲ့ရတာပါ။ အခုကော်မရှင်ထက် စာရင် ဝေဖန်ခံရမှုတွေ ပိုပြီးများပါတယ်။ ကော်မရှင်ပြင်ဆင်ဖွဲ့စည်း ဖို့ လူထုဆန္ဒ လက်မှတ်တွေကောက်ခံရေး လှုပ်ရှားမှုတွေ လုပ်တာတောင် ကြုံခဲ့ရပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ အာရှ ဘာရိုမီတာ စစ်တမ်းအရ လူထုယုံကြည်မှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ PACE စစ်တမ်းအရ ယခုကော်မရှင်အပေါ် လူထုယုံကြည်မှုက များစွာတိုးမြင့်လာတာကို တွေ့ရှိရပါတယ်။ အဝေဖန်ခံရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လူထု ထောက်ခံမှုနဲ့ တစ်ထပ်တည်း ကျသွားချိန်မှာ ချီးကျူးဂုဏ်ပြုခြင်းတွေ ခံခဲ့ရတာကို ၂၀၁၅ ရွေးကောက်ပွဲမှာ တွေ့ရှိနိုင်ပါတယ်။ စင်းလုံးချော၊ ပြည့်စုံကောင်းမွန်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဖြစ်လာဖို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ ရှိနေမှာ အမှန်တရားပါ။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံ့ငွေကြေး ကြွယ်ဝမှုနဲ့ ဖြည့်ဆည်း နိုင်ပေမယ့်လည်း နိုင်ငံရေးပါတီတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အထက်တန်း ကျမှု၊ သိက္ခာရှိမှု ကတော့ ငွေကြေးနဲ့ ဖြည့်ဆည်းလို့ မရနိုင်ပါဘူး။

“အခုဆိုရင် လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်လို့ မဲမပေးနိုင်တဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့အနေနဲ့ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ တည်ငြိမ် အေးချမ်းဖို့၊ လုံခြုံဘေးကင်းဖို့၊ ခြိမ်းခြောက်မှုတွေ မရှိကြဖို့ အထူးပဲ အရေးကြီးပါတယ်။ ကျန်ရစ်ခဲ့တဲ့ နယ်မြေဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အခြေအနေ အမြန်ဆုံး ရောက်ရှိ လာဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အရေးကြီးပါတယ်။ ဒီအခြေ အနေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း (၂၁)ရာစု ပင်လုံညီလာခံ အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသလို ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ ပြောကြားလိုပါတယ်။

“ပြန်ချုပ်ရရင် နိုင်ငံတော်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲတွေ ဖြစ်ဖို့ ဦးစားပေး မူဝါဒအဖြစ် ချမှတ်ထားပါတယ်။ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ တွေမှာ ပြည်သူတွေ စိတ်အေးချမ်းသာ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်တွေ ခွဲယူပြီးဆောင်ရွက်ပေးနေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာလည်း အောက်ခြေနေရာ အချို့မှာ အားနည်းချက်တွေ ရှိနေတာကိုလည်း တွေ့ရှိရပါတယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေမှာပါပဲ။ ကော်မရှင်မှာ အရင်းအမြစ်တွေ နည်းပါတယ်။ လုံခြုံရေးကိုလည်း ဗော်လန်တီယာ ခေါ်ယူရပါတယ်။ မဲရုံဝန်ထမ်းအဖြစ် အစိုးရဝန်ထမ်းတွေရဲ့ အကူအညီကို ယူရပါတယ်။ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်တဲ့ ဝန်ကြီးဌာနတွေက ဝိုင်းပြီး ကူညီနေကြပါတယ်။ ဒီလိုအချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပိုမိုအားကောင်းအောင်၊ စနစ်တကျ ဖြစ်အောင် ဝိုင်းဝန်း ကူညီကြဖို့လိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ တာဝန်ယူမှု အပြည့်အဝနဲ့ ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်သလို ပြည်သူတွေကလည်း တာဝန်သိစိတ် အပြည့်အဝနဲ့ ဝိုင်းဝန်းကူညီနေကြတာ တွေ့မြင်နိုင်ပါတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ မီဒီယာ တွေကလည်း သူ့အလုပ်သူ ဝိုင်းဝန်း လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ “ပြိုင်တူ တွန်းရင် ရွေ့နိုင်တယ် ဆိုတဲ့အတိုင်း ကျရာနေရာ၊ ဆိုင်ရာကဏ္ဍကနေ ကိုယ့်အလုပ် ကိုယ်လုပ်တဲ့အပြင် လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုတွေကိုလည်း အထူး သတိပြုကြစေလိုပါတယ်။

 “ယခုရက်ပိုင်းအတွင်း ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်လို့ ဝေဖန်ပြောဆို တာတွေ ရှိနေပါတယ်။ တရားဝင် တိုင်ကြား အမှုဖွင့်ထားတာများလည်း ရှိပါတယ်။ ဒီကိစ္စတွေကို ဥပဒေလမ်းကြောင်းအရ စစ်ဆေး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင် စွာ ဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် များက လုပ်ဆောင်ကြတယ်ဆိုတာ အဲဒီအချိန်ကျရင် ပေါ်လွင်လာပါလိမ့်မယ်။ ယခုအချိန် ကတည်းက ရွေးကောက်ပွဲကို တရားမျှတခြင်းမရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ် နေခြင်းဟာ မသင့်လျော်ကြောင်း ပြောလိုပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော်တို့ အားလုံး နိုဝင်ဘာလ ၈ ရက် မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက် ရေးအတွက် ဝန်းရံကြဖို့ဖြစ်ပါတယ်” ဟု ပြောကြား သည်။

ထို့နောက် ဧရာဝတီသတင်းဌာနက မေးမြန်းသည့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ ထုတ်ပြန်ချက် ကိစ္စ၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌအိမ်၌ ဗုံးတွေ့ ရှိမှုနှင့် စုံစမ်းဖော်ထုတ်နေမှုအခြေအနေ၊ မဇ္ဈိမ သတင်းဌာန က မေးမြန်းသည့် ရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှား မှုများကို ပြည်သူ များသိရှိအောင် ရှင်းလင်းပြောကြား ပေးရန်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန် ချက်များအပေါ် ပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မရှိအောင် ရှင်းလင်း ပြောကြားပေးရန်၊ ရွေးကောက်ပွဲအခြေအနေ များနှင့်စပ်လျဉ်း၍ နိုင်ငံတော် အကြီးများနှင့် တပ်မတော်အကြီးအကဲများ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်မှု ရှိ၊မရှိ ၊ Myanmar Now သတင်းဌာနက မေးမြန်းသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန် ချက်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်သွားမည့်အခြေအနေ၊ ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ တွေ့ဆုံ ဆွေးနွေး မှုရှိမရှိ၊ ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံနိုင်ရန် အစိုးရနှင့်တပ်မတော် ဆွေးနွေး ညှိနှိုင်း သဘောတူညီမှု ရရှိထားခြင်းရှိ၊မရှိ ၊ RFA သတင်းဌာနက မေးမြန်းသည့် ရွေးကောက်ပွဲ အကြိုကာလတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော် ရေးသားဖြန့်ဝေနေမှုများကို စိစစ်ကြပ်မတ်ဖော်ထုတ်နေမှု အားနည်းနေသည်ဟု ဝေဖန် ချက်အပေါ် အစိုးရအနေဖြင့် မည့်သို့ တုံ့ပြန်ဆောင်ရွက် သွားမည် ဆိုသည့်ကိစ္စ၊ BBC သတင်းဌာနက မေးမြန်းသည့် ရွေးကောက်ပွဲ ရလဒ်အပေါ် လက်မခံနိုင်မှုများ ရှိလာပါက ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၊ ရွေးကောက်ပွဲ အကြိုကာလမဲဆွယ် စည်းရုံးမှုများနှင့် ပတ်သက်ပြီး အများဆုံး တိုင်ကြားခဲ့သည့် အမှုကိစ္စများနှင့် စပ်လျဉ်း၍ သိလိုခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေး ပြောကြားလိုသည့် သတင်းစကားကိစ္စတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

https://www.moi.gov.mm/news/7529

No comments:

Post a Comment