Wednesday, November 4, 2020

မြောက်ဦးခရိုင်အတွင်းတွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၊ အမျိုသားနှစ်ဦး ပစ်ခတ်ခံရ၍ ကျည်ထိမှန်

 ရခိုင်ပြည်နယ် မြောက်ဦးခရိုင်အတွင်း၌ နှစ်ရက်အတွင်း အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ပြင်းထွန်စွာဒဏ်ရာရရှိပြီး  အမျိုးသားနှစ်ဦးမှာလည်း တပ်မတော်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် ကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ မစန္ဒာအေး (၁၈)နှစ် မှာ နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်က မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“သူ့ (မစန္ဒာအေး) အမေနဲ့အတူ အမျိုးသမီး ၄ ဦး ဟာ သင်္ဘောဥ (ကဒတ်ဥ) တူးဖို့ ရွာနားက တောင်ကုန်းကိုသွားတာ။ တောင်ကုန်းကို တက်တဲ့အချိန်မှာ မိုင်းပေါက်ကွဲတာဖြစ်တယ်။ ကျန်တဲ့လူတွေကတော့ ဘာမှမဖြစ်ကြဘူး” ဟု ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ဦးညီပု က ရှင်းပြသည်။

ယင်းသို့ မိုင်းနင်းမိမှုကြောင့် မစန္ဒာအေးမှာ ခြေထောက်နှစ်ချောင်းလုံး ကြေမွသွားသည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ကျောက်တော်မြို့ပြည်သူ့ဆေးရုံ၌ အရေးပေါ်ခွဲစိတ်ကုသရန် စီစဉ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ထို့အပြင် မြေပုံမြို့နယ် ကြက်ရေကြီးကျေးရွာနေ ကိုမျိုးနိုင် (၂၁)နှစ်နှင့် မောင်စိုးထက်အောင် (၁၈) နှစ် တို့နှစ်ဦးမှာ  နိုင်ဝင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းအချိန်က တပ်မတော်စစ်ဆေးရေးဂိတ်မှ ပစ်ခတ်လိုက်၍  ဒဏ်ရာရရှိသွားကြကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဂစ်တာကြိုးဝယ်ပြီးတော့ အပြန်မှာ ဂိတ်ကဆိုင်ကယ်ရပ်ခိုင်းတယ်။ အဲဒါကိုမကြားတော့  မရပ်ဘဲမောင်းလာတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်လိုက်တာလို့ ပြောတယ်။ တစ်ယောက်ကတော့ ဆေးရုံမှတင်ထားရတယ်။ နောက်တစ်ယောက်က ဒဏ်ရာနည်းတဲ့အတွက် ရွာမှာကုနေတယ်လို့ သိရတယ်။ ကျနော်တို့မနက်က ဆေးရုံကိုသွားကြည့်တော့ လူနာအခြေအနေက ကောင်းပါတယ်”ဟု မြေပုံမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက DMG သို့ပြောသည်။

ထိုသို့ပစ်ခတ်ခံရ၍ ကိုမျိုးနိုင်၏ ဘယ်ဘက်တံတောင်ဆစ်မှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ မြေပုံမြို့နယ်ဆေးရုံး၌ ဆေးကုသမှုခံယူနေရပြီး  မောင်စိုးထက်အောင်တွင်မူ ဒူးခေါင်းတွင် ကျည်ဆံရှပ်ထိသွားကြောင်း မိသားစုဝင်များ ကဆိုသည်။

“တပ်မတော်သားတွေ ရောက်လာပြီးတော့ နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့လို့ မှာသွားတယ်။ ပြီးတော့ သူတို့က အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့လည်း ပြောသွားသေးတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဟု ကိုမျိုးနိုင်၏ မိသားစုဝင်များက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ မြေပုံမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လမ်းလုံခြုံရေး ဆောင်ရွက်နေစဉ် မြေပုံဘက်မှ မင်းပြားဖက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာသော မသင်္ကာဖွယ်လူ ၂ ဦးအား ရပ်တန့်ခိုင်းခဲ့သော်လည်း မရပ်တန့်ဘဲ လုံခြုံရေးတပ်ဖွဲ့များအား အော်ဟစ်ဆဲဆို၍ မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၎င်းတို့ ၂ ဦးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် မင်းပြားဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ဟု နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ မစန္ဒာအေး (၁၈)နှစ် မှာ နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်က မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။(ဓာတ်ပုံ- Kyaw Hla Myint's fb)

ထို့နောက် မြေပုံပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည်ဟု သတင်းကြားသိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးထိန်းသိမ်း၍ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် မြေပုံမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့ဖြစ်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် မြေပုံမြို့မရဲစခန်းအား DMG ကဖုန်းဖြင့်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း၌ ၂၀၂၀ ခုနှစ်၊ ဇွန်လကနေ နိုဝင်ဘာလ(၄)ရက်နေ့ထိ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှုတို့ကြောင့် သေဆုံးသူစုစုပေါင်း (၅၀) ဦးနှင့် ဒဏ်ရာရရှိသူ (၁၃၈) ဦးထိ ရှိသည်။


https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/kt-n-mb-inj.html

No comments:

Post a Comment