Wednesday, November 4, 2020

တပ်ချုပ်ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဟု အစိုးရ ပြော

 ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ဟာ တိကျသေချာမှုမရှိတဲ့ ပြောကြားချက်တွေကိုအခြေခံထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အထောက်အကူမပြုဘဲ မတည်မငြိမ်ဖြစ်စေရေးကို အားပေးရာရောက်နေတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောကြားခဲ့တာပါ။

လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးဟာ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ ဦးစားပေးမှုဝါဒလည်းဖြစ်ပြီး ဒီရွေးကောက်ပွဲကျင်းပနိုင်ရေး တစ်နိုင်ငံလုံးက ဝိုင်းဝန်းဆောင်ရွက်ရမယ့်အချိန်လည်းဖြစ်တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

ဒါ့အပြင် အပြု သဘော ဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လျစ်လျူရှုထားမှာမဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရ တာဝန်ခံရမယ်ဆိုတဲ့ကြေညာချက်နဲ့ပတ်သက်လို့တော့ သူက ခုလိုပြောပါတယ်။

"တပ်မတော်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ တိကျရေရာသေချာမှုမရှိတဲ့ ပြောကြားချက်များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အ ထောက်အကူ မဖြစ်စေဘဲ စိုးရိမ် စိတ်တွေ၊ မတည်မငြိမ် ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာ နယူးစ်တို့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်ချုပ် ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနဲ့ အနှစ်သာရအရ ကိုက်ညီမှုမရှိဘူးလို့လည်း ဦးဇော်ဌေးကပြောပါတယ်။

"၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က)အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပြဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေ ၁ ပုဒ်မ ခွဲ(င)အရ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူး တခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဥပဒေအရ အကျုံးဝင်ခြင်းမရှိစေရလို့ပြဌာန်းပါတယ်" လို့ သူကပြောပါတယ်။

တပ်ချုပ်က နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ သူ့မှာထောက်ပြဝေဖန်ရမယ့်တာဝန်ရှိပြီး သူမလုပ်ရင် ဘယ်သူလုပ်မလဲလို့ အဲဒီမေးမြန်းခန်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ကြိုတင်မဲအပါအဝင်ရွေးကောက်ပွဲကြိုကာလ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကော်မရှင်ကို ခန့်အပ်ထားတာ သမ္မတဖြစ်တာကြောင့် ဒီကော်မရှင်ရဲ့လုပ်ရပ်တွေအပေါ်မှာ အစိုးရက တာဝန်ခံရမယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရဘက်က တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေ၊ တပ်ချုပ်ရဲ့ ပြောကြားချက်တွေဟာ ဥပဒေနဲ့ မညီဘူးဆိုတဲ့အချက်ကိုတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သဘောမတူပါဘူး။

" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပါ နိုင်ငံရေးအခြေခံမူများဟာ ဖွဲ့စည်းပုံရဲ့အနှစ်သာရလို့ပဲမြင်တယ်။ အဲဒီမှာ ပါပြီးသားဖြစ်တယ်။ ပုဒ်မ ၆ (စ) အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုတာပါတယ်။ ကျန်တဲ့ပုဒ်မ တွေဖြစ်တဲ့ ပုဒ်မ ၂၀ (င) နဲ့ ၂၀ (စ) မှာတော့တပ်မတော်ဟာ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်လို့ပါတယ်။ တပ်မတော်က ထုတ်ပြန်ချက်တွေရယ်၊ ပေါ်ပြူလာနယူးစ်နဲ့ တွေ့ဆုံမှုမှာပြောကြားချက်တွေသည် ဘယ်ပါတီနိုင်ငံရေး ကိုမှ ပြောခဲ့တာမဟုတ်ဘူး။ လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ကိုပြောခဲ့တာဖြစ်တယ်။ အမျိုးသားနိုင်ငံရေးကိုပြောခဲ့တာဖြစ်တယ်။ နံပါတ်နှစ် အချက်ကတော့ ဒါတွေကိုထောက်ပြတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုပါတယ်။ ဥပဒေကို ဘယ်လိုချိုးဖောက်နေတယ်ဆိုတာကို ဥပဒေနဲ့မညီဘူး ဆိုတာကို ထောက်ပြတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ရှိမှု၊ တာဝန်ခံမှုအရ ကျွန်တော်တို့ထောက်ပြတာဖြစ်တယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

တပ်မတော်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ထောက်ပြချက်ဟာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ၊ မီဒီယာတွေဖော်ပြချက်တွေ၊ ကိုယ်စားလှယ်လောင်းတွေ တွေ့ရှိချက်နဲ့ မဲပေးသူကာယကံရှင်တွေရဲ့ ပြောကြားချက်တွေပေါ်မူတည်ပြီး ထုတ်ပြန်တာဖြစ်ပြီး မတိကျမသေချာဘူးဆိုတဲ့ အစိုးရရဲ့ပြောကြားချက်ဟာ ဘယ်လိုစံနဲ့ တိုင်းတာလဲဆိုတာကိုတော့မသိနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

မတည်မငြိမ်ဖြစ်စေရေးကိုအားပေးရာရောက်တယ်ဆိုတဲ့အစိုးရပြောကြားချက်ကိုလည်း သူက ခုလိုတုံ့ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပေါ်ရေး လိုလားတဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအထိ မဲပုံးတွေအပါအဝင်ရွေးကောက်ပွဲဆိုင်ရာပစ္စည်းတွေကိုတပ်မတော်လေယာဉ် ၊ရေယာဉ်တွေသုံးပြီးအရောက်ပို့ပေးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် လက်တွေ့ပါတဲ့၊ မြင်နိုင်တဲ့ ကူညီမှုတွေ၊ လုပ်နိုင်တာမှန်သမျှ၊ တစ်ဖက်က တောင်းဆိုတာမှန်သမျှ လုပ်ပေးခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။

"မတည်မငြိမ်ဖြစ်စေရေးကိုအားပေးရာရောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက မြေပြင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘာမှ မပြောဘဲ မသိချင်ယောင်ဆောင်ပြီးနေတာက မတည်မငြိမ်ဖြစ်မှုတွေကိုအားပေးတာလား။ သိပြီးတော့ကျ သိရက်သားနဲ့ သိတဲ့အတိုင်း ပြောတာက အားပေးမှုမြောက်တာလားဆိုတာ သာမန်စဉ်းစားနိုင်သူတွေတောင် သိနိုင်တဲ့အခြေအနေဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်တယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

https://www.bbc.com/burmese/burma-54808011

No comments:

Post a Comment