မင်းပြားမြို့နယ် အပြင်ဒုံးချောင်ကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသား မြစ်ထဲသို့ ကျသွားပြီး ပျောက်ဆုံးနေ
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အပြင်ဒုံးချောင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်း ဝင်လာပြီးနောက် သေနတ်ဖြင့် လှမ်းပစ်ခတ်ခံရသည့် အမျိုးသား မြစ်ထဲသို့ ကျသွား၍ ရှာမရဘဲ ဖြစ်နေကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။
ယင်း အမျိုးသားမှာ ဒုံးချောင်ကျေးရွာမှ အသက် ၃ဝ အရွယ် ဦးထွန်းထွန်းဝင်းဖြစ်ပြီး ၎င်းမှာ ယနေ့ နံနက် ၁၁ နာရီခန့်က အင်အား ၅ဝ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာအတွင်း ဝင်လာ၍ ကျေးရွာသားများ ကြောက်လန့်၍ ထွက်ပြေးစဉ် သေနတ်ဖြင့် လှမ်းပစ်ခတ်မှုကြောင့် လေးမြို့မြစ်ထဲသို့ ကျသွား၍ ရှာမရဘဲ ဖြစ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမဲလှအောင်က ပြောသည်။
“စစ်တပ်လာတော့ အိမ်ကထွက်ပြေးကြတော့ အဲဒီမှာ လှမ်းပစ်လိုက်တာ။ သူတို့လာတော့ တစ်ရွာလုံးက ထွက်ပြေးကြတာ။ ထွက်ပြေးတော့ သူတို့က ဖြိုပြီး ပစ်တယ်။ ရွာသားတွေက မြစ်ဘက်ကို ဆင်းခံကြတယ်။ ထွန်းထွန်းဝင်းလည်း မြစ်ဘက်ကို ဆင်းခံတာ။ အဲဒီမှာ ပစ်လိုက်တာ။ စစ်သားတွေက ထိတယ်၊ ထိတယ်၊ တစ်ယောက်တော့ ဆုံးသွားပြီလို့ ပြောပါတယ်။ ပစ်တာက ကျွန်တော့်အိမ်ရှေ့က လှမ်းပစ်တာ။ အဲဒီအချိန်မှာ ကျွန်တော်တို့က အဲဒီစစ်သားတွေရဲ့ ရှေ့မှာ အခေါ်ခံထားရပါတယ်။ အဲလို အပစ်ခံရတော့ မြစ်ထဲကို ကျသွားတယ်။ အခုမျောပါသွားတာ ရှာမတွေ့ဘူး။ ဆုံးသွားပြီလား၊ ဒဏ်ရာနဲ့လားဆိုတာကို မသိဘူး” ဟု ၎င်းက နိရဉ္စရာသို့ ပြောသည်။
ထိုသို့ သေနတ်များဖြင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ရွာသားများအား ခေါ်ကာ ၎င်းတို့ပစ်ခတ်မှုကြောင့် ရွာသားများ ဒဏ်ရာရသူအချို့ ရှိ/မရှိ မေးမြန်းကြောင်း၊ ၎င်းတို့ပစ်လိုက်သည့် ဦးထွန်းထွန်းဝင်းမှာ ရွာခံသားဟုတ်/မဟုတ် ကျေးရွာသားများအား မေးမြန်းကြောင်း ဦးမဲလှအောင်က ပြောသည်။
“သူတို့ပစ်လို့ပြီးတော့ ကျွန်တော်တို့ကို စစ်ဆေးတယ်။ သူတို့ပစ်လိုက်တဲ့သူက ရွာခံသားလားမေးတယ်။ ပစ်လိုက်တဲ့အချိန်က ရွာသားတွေက ထွက်ပြေးသူ ထွက်ပြေး မြစ်ကမ်းဘေးကို ဆင်းပြေးသူ ဆင်းပြေးဆိုတော့ ကျည်ထိသွားတဲ့သူက ထွန်းထွန်းဝင်းဆိုတာကို ကျွန်တော် မမြင်လိုက်ဘူး။ အဲဒါကြောင့် သူတို့မေးတော့ အပစ်ခံရတဲ့သူက ဘယ်သူလဲဆိုတာကို ကျွန်တော်မမြင်လိုက်တဲ့အတွက် ရွာခံသားလား၊ တခြားကလား ဆိုတာကို ကျွန်တော်မပြောနိုင်ဘူးလို့ ပြန်ဖြေလိုက်တယ်။ စစ်သားတွေ ထွက်သွားတော့မှ ရွာကလူတွေကို စစ်ကြည့်တော့ အဲဒါက ကျွန်တော်တို့ရွာက ထွန်းထွန်းဝင်း ဖြစ်နေပါတယ်။” ဟု သူက ဆက်ပြောသည်။
လက်ရှိအချိန်ထိ ဦးထွန်းထွန်းဝင်းအား ရှာမတွေ့သေး၍ မြစ်တစ်လျောက်ရှိ ကျေးရွာများအား ဖုန်းဖြင့် လှမ်းဆက်သွယ်ကာ စုံစမ်းလျှက်ရှိကြောင်း၊ ဦးထွန်းထွန်းဝင်း၏ ဇနီးဖြစ်သူမှာလည်း အလွန်စိုးရိမ်လျှက် ရှိကြောင်း ယနေ့ ညနေ ၄ နာရီခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ယင်း တပ်မတော်သားများမှာ ကျေးရွာ၏ အရှေ့ဘက်ရှိ လေးမြို့မြစ်၏ တစ်ဘက်ကမ်း၌ ရှိသည့် တောင်တန်းများအားလည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းမှ နေ၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ယနေ့ နေ့လယ် ၂ နာရီခန့်က ကျေးရွာအတွင်းသို့ နောက်ထပ် အင်အား ၅ဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခု ထပ်မံရောက်ရှိလာကာ ၎င်းရောက်ရှိလာသည့် စစ်ကြောင်းနှင့် ကျေးရွာအတွင်းရှိသည့် တပ်မတော်စစ်ကြောင်းတို့ ပူးပေါင်းကာ ကျေးရွာမှ ထွက်ခွာသွားကြကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ “ကျွန်တော်က အခု ခရီးလွန်နေတယ်။ အဲဒီလိုမျိုး သတင်းတွေတော့ တစ်ဆင့်ခံကြားပါတယ်။ ဒါပေမယ့် ရွာသားတွေနဲ့က ကျွန်တော်လည်း အဆက်သွယ်မရသေးတော့ အတည်ပြုဖို့ လိုပါလိမ့်မယ်။ မင်းပြားမြို့ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ကြားပါတယ်” ဟု ယနေ့ ညနေ ၅ နာရီခွဲခန့်က ပြောသည်။
အသေးစိတ်အား သိလို၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းပိတ်ထားသဖြင့် အဆက်သွယ်မရရှိခဲ့ပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
----------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၃/ ၂ဝ၂ဝ
https://burmese.narinjara.com/.../5fa150a28d5b5818df39dc2...
https://www.facebook.com/narinjara.info/posts/3755346311144085
No comments:
Post a Comment