မိုင်းဆတ်’၀’ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် အခြေအနေမရှိကြောင်း ပါတီလေးခုက လက်မှတ်ထိုးတောင်းဆို
By The Standard Time Daily -November 6, 2020
Share on Facebook
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်ရှိ UWSA ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ မရှိ နိုင်သဖြင့် မဲရုံများအချိန်မီ ပိတ်သိမ်းသင့်ကြောင်း နိုင်ငံရေးပါတီလေးပါတီက ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လက် မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းဝင်းမြဦးက နိုဝင်ဘာ ၅ ရက်တွင် စံတော်ချိန်သို့ ပြောသည်။
‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတော့ မဟုတ်ဘူးဗျာ။ မိုင်းဆတ်၊ မိုင်းတုံ နယ်ထဲမှာရှိတဲ့ တောင်ပိုင်း ‘၀’လို့ခေါ်တဲ့ ထိန်းချုပ်နယ်ထဲမှာ ကျွန်တော်တို့စည်းရုံးရေးတွေ ဝင်လို့မရဘူးဗျ။ ရွာတွေကို ခြံစည်းရိုးခတ်ထားတယ်။ ရွာအဝင်တွေမှာ ဂိတ်တွေပါ လုပ်ထားတယ်ဗျ။ သွားချင်ရင် သူတို့ဆက်ဆံရေးရုံးတွေမှာ သွားပြီးတော့ နှစ်ရက်၊ သုံးရက် ကြိုတင်ရတယ်။ သူတို့ပေးထားတဲ့ဖုန်းတွေကလည်း ဆက်လို့မရ၊ အဆင်မပြေဘူး။ သူတို့ထိန်းချုပ်ထားတဲ့နယ်ထဲကို ဘယ်ပါတီမှ စည်းရုံးရေးဝင်လို့မရခဲ့ဘူး’ဟု စိုင်းဝင်းမြဦးက ပြောသည်။
မိုင်းတုံ၊ မိုင်းဆတ် ‘၀’ထိန်းချုပ်နယ်မြေထဲတွင်လူဦးရေ ထက်ဝက်သည် မှတ်ပုံတင်များ မရှိကြောင်း၊ မဲစာရင်၌လည်း လူဦးရေ တစ်ထောင်နီးပါးသည် အဖေ၊ အမေ နာမည်မပါလာကြောင်း၊ ယင်းနယ်မြေထဲတွင် မြန်မာနိုင်ငံဥပဒေစိုးမိုးမှုမရှိကြောင်း၊ မြန်မာ နိုင်ငံအစိုးရခန့်ထားသော အုပ်ချုပ်ရေးမှူးများ မရှိကြောင်း၊ တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း စိုင်းဝင်းမြဦးက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ရေး ထိုး စာတင်ထားသည့်ပါတီများမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)တို့ဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့တွင် ရပ်ကွက်/ ကျေး ရွာအုပ်စုပေါင်း ၃၅ ခု ကျေးရွာပေါင်း ၂၃၀ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းကျေးရွာအုပ်စုများ အနက် မိုင်းအလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စုနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဝမ်ဟုန် (၀) ဝမ်ဟုန်(ရှမ်း) စသည့်ကျေးရွာအုပ်စုတို့သည် ‘၀’ ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးရွာအုပ်စုများ ဖြစ်သည်။ ၎င်းကျေးရွာအုပ်စု လေးခုတွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး မဲဆန္ဒရှင်စုစုပေါင်း ၂၂၇၄၃ ဦးခန့်နှင့် မဲရုံပေါင်း ၁၂ ရုံ ရှိကြောင်း သိရသည်။ ၎င်းကျေးရွာအုပ်စု များသည် အဝင်အထွက်ဂိတ်များထားရှိ ၍စစ်ဆေးမှုများရှိနေခြင်း၊ ယာဉ်အမျိုးအစား၊ လူဦးရေဝင်ထွက်မည့်နေ့ရက်၊ အချိန်ဇယားများ ရေးဆွဲ၍စာဖြင့်အဆင့်ဆင့် တင်ပြနေရခြင်း၊ စာဖြင့်အဆင့်ဆင့် တင်ပြထားသဖြင့် ကော်မရှင်က ခွင့်ပြုချက်အရ စည်းရုံးဟောပြော ရန် သွားသော်လည်း ဂိတ်ဖြတ်ရန် ပြန်လည်ဆက်သွယ်နေရခြင်း၊ ပြန်လည်ဆက်သွယ်သော်လည်း ဖုန်းကိုင်ကြားမှုမရှိခြင်း၊ ဖုန်းပိတ် ထားခြင်း စသည့် အခက်အခဲများကြောင့် ဂိတ်ပေါက်ဝ၌ပင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး အချိန်ကုန်လူပန်းခြင်းဖြင့်သာ ပြန်လာရသဖြင့် နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်စွာမဲဆွယ် စည်းရုံးခွင့်မရှိဘဲ အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း ပါတီ လေးခုမှ ကိုယ်းစားလှယ်များ တင်ပြချက်တွင် ပါရှိသည်။
၎င်းကျေးရွာအုပ်စုလေးခုရှိ မဲရုံပေါင်း ၁၂ ရုံအား လွတ် လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ခြေမရှိနိုင်သဖြင့် အချိန်မီပိတ်သိမ်းသင့်ပါကြောင်း ပါတီလေးခုမှ ကိုယ်စားလှယ်များတင်ပြချက်တွင်ပါရှိသည်။
မိုင်းဆတ်မြို့နယ်တွင် အစိုးရတပ်မတော်၊ ‘၀’ လက်နက် ကိုင်တပ်ဖွဲ့၊ လားဟူ နယ်ခြားစောင့်တပ်နှင့် RCSS/SSA တပ်ဖွဲ့ တို့ လှုပ်ရှားသည့်နေရာ ဖြစ်သည်။ မိုင်းဆတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိင်မည့် ပါတီများမှာ ‘၀’အမျိုးသားပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြောင်း သိရသည်။
http://sdtimedaily.com/2020/11/06/shp27-95/
No comments:
Post a Comment