Thursday, November 5, 2020

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုင်းမှူးများအား ဗွီတီစီမှတစ်ဆင့်တွေ့ဆုံ

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုင်းမှူးများအား ဗွီတီစီမှတစ်ဆင့်တွေ့ဆုံ

By The Standard Time Daily -November 6, 2020

Share on Facebook


လွတ်လပ်ပြီး တရားမျှတတဲ့ မဲပေးမှုရှိအောင် ဝိုင်းဝန်းကြိုးစားပေးရန်မှာကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများအား နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲတွင် Video Telecon- ference(VTC) မှတစ်ဆင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။


အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ တက်ရောက်ကြပြီး တိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက VTC စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် အချို့သော တိုင်းမှူးများနှင့်လူချင်းတွေ့ ဆုံနိုင်ခြင်းမရှိသည်မှာ အချိန်အားဖြင့် ကြာမြင့်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားသည်။


ထို့နောက် မကြာမီတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုများအားလုံး သက်ဆိုင်ရာ မဲရုံအသီးသီးတွင် စနစ်တကျ မဲပေးနိုင်ရေး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား မေးမြန်းရာ တိုင်းမှူးများက ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်မဲပေးရမည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံးကိုလည်း သတ်မှတ်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ပြန်လည်တင်ပြ ကြသည်။


“ကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတဲ့အတွက်ကြောင့် တကယ်မဲပေးတဲ့နေ့ကျလို့ရှိရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက် ဖြစ်လာလို့ရှိရင်လည်း ချောချောမွေ့မွေ့နဲ့ ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ မဲရုံအသီးသီးမှာ နီးစပ်တဲ့အဖွဲ့တွေအားလုံးကို မှာကြားဖို့ပြောလိုတယ်”


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ဆန္ဒမဲပေးကြရာတွင် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၏ လုံခြုံရေးနှင့် ဒေသခံ ပြည်သူများ၏လုံခြုံရေးကို အထူးဂရုစိုက်ရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ တိတိကျကျလိုက်နာကာ လုံခြုံရေးကိုဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးကြရာတွင် အရာရှိ၊ စစ်သည်၊ မိသားစု များအားလုံး လွတ်လပ်စွာမဲပေးနိုင်ကြောင်းနှင့် ထည့်သွင်းစဉ်းစား ရန်လိုအပ်မည့် အချက်များအား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးမှာကြားရာတွင်-လွတ်


‘မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်၊ နှစ်ချက်ပြောချင်ပါတယ်။ အဲဒါကတော့ ဘာလဲ ဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကို ကောင်းဖို့ အတွက်၊ ဒေသကို ကောင်းဖို့အတွက် တကယ်ကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေပါ အားလုံးက လွတ်လွတ်လပ်လပ် မဲပေးခွင့်မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ် လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။ သဘာဝ ဘေးအန္တရာယ်ဆိုတာလည်း အချိန်မရွေးပေါ်ပေါက်လာနိုင် တယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်းကြောင်းကြောင့် အဲဒီနေ့မှာ မိုးတွေရွာလာမယ်။ လေတွေတိုက်လာမယ်။ ဒါတွေ ဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေမှာ သွားရေး၊ လာရေးတွေ အခက် အခဲဖြစ်လာမယ်ဆိုလို့ရှိရင်လည်း တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို တစ်ဖက်ကလည်း မဲပေးတဲ့ သူတွေရော၊ မဲပေးဖို့အချိန်ရတဲ့သူတွေပါ သဘာဝဘေးအန္တရာယ် ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေက တစ်နေရာ တည်းမှာ ရှိတာမဟုတ်ဘူး၊ နေရာအနှံ့အပြားကနေ စုလာမယ့် လူတွေ ရှိတယ်။


‘ဥပမာအားဖြင့် မဲရုံတစ်ရုံတည်းမှာ တခြားနေရာကနေ လာပြီးတော့ မဲပေးရမယ့်လူတွေရှိတယ်။ အဲဒီမဲပေးရမယ့် လူတွေ က လမ်းမှာ လမ်းမကောင်းတာတို့၊ တံတားတွေမကောင်းတာတို့ မဲရုံကို အချိန်မီမရောက်နိုင်လို့ မဲပေးခွင့်ဆုံးရှုံးသွားမယ့်ဟာမျိုး မဖြစ်ဖို့လိုတယ်။ ဒီလိုလုပ်တဲ့အခါမှာ သူတို့ လုံလုံခြုံခြုံ ချောချော မွေ့မွေ့နဲ့ မဲလာပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကူညီပေးပါလို့ ပြော လိုတယ်။ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ထားဖို့ပေါ့။ နောက်တစ်ခုကလည်း မဲပေးတဲ့အချိန်က ကာလအချိန်အကြာ ကြီးပေးရမှာဖြစ်တယ်။ ပထမဆုံးမဲပေးတဲ့လူကနေ နောက်ဆုံး မဲပေးတဲ့လူအထိပေါ့။ အချိန်က ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့တော့မရဘူး။ အဲဒီအချိန်မှာ မဲပေးတဲ့လူတွေက ရေဆာ တာတို့၊ ဗိုက်ဆာတာတို့ ဒါတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေလည်း သတ်မှတ်ထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်း ကမ်းနှင့်အညီ မဲရုံရဲ့ ပြင်ပသတ်မှတ်ထားတဲ့နေရာကနေပြီးတော့ သူတို့စားနိုင်ဖို့၊ သောက်နိုင်ဖို့အတွက် ဒါလေးတွေလည်း ကူညီပေး ဖို့ ပြောလိုတယ်။ တချို့ဆို ခပ်ဝေးဝေး၊ ခပ်လှမ်းလှမ်းက လာရမှာ တွေရှိတယ်။ ဒါကြောင့် ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်သလိုပဲ နေပူတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ် ပြောလို့ တော့မရဘူး။ တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီမဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့်အကွာ အဝေးမှာ သူတို့ဘယ်လောက်ကြာကြာ စောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ရေသောက်ဖို့တို့၊ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီပေးဖို့ မှာလိုတယ်။


‘နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့အဆုံးအဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့အချိန်ကာလကြာကြာကတည်းက နေပြီးတော့ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာ ရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနဲ့ပတ်သက်ပြီး မသမာ မှုလုပ်တယ်ဆိုလို့ရှိရင်လည်း ကန့်ကွက်တာ၊ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့၊ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ်စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တချို့နေရာတွေမှာ သတင်း တွေ မင်းတို့ရဲ့တင်ပြချက်တွေကြောင့် သိနေတာတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တကယ်မဲပေးတဲ့နေ့ကျရင်တော့ ဒါက တော့ မဲပုံးထဲထည့်မှာပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေ ဖြစ်တယ်။ ကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ အားနည်းချက် တွေ ရှိနေတဲ့အတွက်ကြောင့် တကယ်မဲပေးတဲ့နေ့ကျလို့ရှိရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက် ဖြစ်လာလို့ ရှိရင်လည်း ချောချောမွေ့မွေ့နဲ့ ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့မဲပေးနိုင်အောင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ မဲရုံ အသီးသီးမှာ နီးစပ်တဲ့အဖွဲ့တွေအားလုံးကို မှာကြားဖို့ပြောလိုတယ်’ဟု ပြောကြားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီး၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လိုအပ်သည်မှန် သမျှကို ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို ဆက်လက်မှာကြားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။


သတင်း – တေဇာဘုန်းမြင့်

ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

http://sdtimedaily.com/2020/11/06/shp26-101/

No comments:

Post a Comment