Thursday, November 5, 2020

ပဲခူးတိုင်း ကော်မရှင်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား အသံမိုင်းဖြစ်ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြု ဖောက်ခွဲခဲ့

 ပဲခူးတိုင်း ကော်မရှင်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား အသံမိုင်းဖြစ်ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြု ဖောက်ခွဲခဲ့

By The Standard Time Daily -November 6, 2020

Share on Facebook


နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် အမှတ်(၇) ရပ်ကွက်ရှိ တိုင်းရွေး ကောက်ပွဲကော်မရှင်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရာသို့ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့သည်။ ယင်းပေါက်ကွဲမှုသည် အသံမိုင်းအမျိုးအစားဖြစ်ပြီး စနစ်တကျ ထောင်ထားခြင်းဖြစ်သည်ဟု ယူဆရ ကြောင်း စစ်ဆေးရေးအဖွဲ့က ပြောဆိုသည်။ အဆိုပါကော်မရှင်ရုံးတွင် ပါတီစုံမှ ကိုယ်စားလှယ်များ အစည်းအဝေးပြီး၍ ပြန်ထွက်လာချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။


‘ကော်မရှင်ရုံးက ဥဿာမြို့သစ်(၇)ရပ်ကွက်မှာ တည်ရှိတာပေါ့၊ လူတော့ အထိအခိုက်မရှိဘူး။ CCTV မှတ်တမ်းတွေပြန်ကြည့်နေတယ်’ဟု ပဲခူးမြို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲသံကြားသည့်အတွက် ရုံးအပြင်ထွက်ကြည့်သည့်အခါ ရုံးမျက်နှာစာ ညာဘက်နံရံအနီး၌ စာရွက်ထည့်ထားသော ပုံးတစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွားသည်ကို တွေ့ရှိရပြီး ရုံးအောက်ဘက်ရှိ ပြတင်းပေါက်မှန်တစ်ချပ်ကွဲကြေပျက်စီးသွားကာ လူအသက်အန္တရာယ်ထိခိုက်မှုမရှိပါကြောင်း ပဲခူးခရိုင်ကော်မရှင်အတွင်းရေးမှူးက ပြောသည်။


အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကို တာဝန်ရှိသူများကစစ်ဆေးရာ မိုဘိုင်းလ်ဖုန်းအားအသုံးပြု၍ ဖောက်ခွဲ ခဲ့သည်ဟု တွေ့ရှိရပြီး သက်ဆိုင်ရာရဲလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးရဲထွန်းအောင်က ပြောကြားသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မန္တလေး မြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၄ လမ်း၊ ၂၇ လမ်းနှင့်၂၈လမ်းကြား ရေနီမြောင်းဘေးတွင် ဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုတွေ့ရှိခဲ့ သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးပုံစံပြုလုပ်ထားသည့် မီးခြစ်ဖြစ်နေပြီး ဂက်စ်ကုန်နေသည်ကို တွေ့ရှိခဲ့သည်။


အလားတူ နိုဝင်ဘာ ၃ ရက် ညနေပိုင်းက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် တိုင်းသစ်ထုတ်ရေးဝန်ထမ်း အိမ်ရာဝင်းအတွင်း လမ်းဘေးရပ်ထားသည့် ရုံးသုံးကားအတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ရာ သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားခဲ့ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တိုင်း/ခရိုင်၊ မြို့နယ်များရှိ မဲရုံများ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရ၊ ပုဂ္ဂလိကအဆောက်အအုံများ၊ လူနေထူထပ်သောနေရာများတွင် အဖျက်အမှောင့် လုပ်ငန်းများ၊ ဗုံးထောင်မှုများ ပြုလုပ်ခြင်းမရှိစေရေး လုံခြုံရေးအလေးထားဆောင်ရွက်ကြရန် သက်ဆိုင်ရာ တိုင်း/ခရိုင်စီမံခန့်ခွဲမှုကော်မတီများက အောက်တိုဘာလအတွင်း ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သေးသည်။

http://sdtimedaily.com/2020/11/06/shp27-96/

No comments:

Post a Comment