Tuesday, November 3, 2020

တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုချက်များ ပြည်သူများ စိုးရိမ်စိတ်နှင့် မတည်ငြိမ်မှုများ ဖြစ်စေရေး အားပေးနေဟု အစိုးရ ဝေဖန်၊ ရွေးကောက်ပွဲပျက်ပြားစေရေး လုပ်ဆောင်မှုများ ပြည်သူများ အထူးသတိရှိရန် အစိုးရ သတိပေး

 တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုချက်များ ပြည်သူများ စိုးရိမ်စိတ်နှင့် မတည်ငြိမ်မှုများ ဖြစ်စေရေး အားပေးနေဟု အစိုးရ ဝေဖန်၊ ရွေးကောက်ပွဲပျက်ပြားစေရေး လုပ်ဆောင်မှုများ ပြည်သူများ အထူးသတိရှိရန် အစိုးရ သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၄
တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထုတ်ပြန်ပြောဆိုမှုများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူ မပြုစေဘဲ စိုးရိမ်စိတ်နှင့် မတည်ငြိမ်မှုများ ဖြစ်စေရေး အားပေးရာရောက်ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချိုရဲ့ တိကျရေရာ သေချာမှုမရှိတဲ့ အချက်များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ပေါ်ပြူလာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြော ကြားချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။
နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ဦးဇော်ဌေးက ထောက်ပြ ပြောဆိုသည်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ က အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ကျနော်တို့ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁ ပုဒ်မခွဲ င အရ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခု ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာ၀နှင့် တာဝန်တို့အရ ထိုဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အကျုံးဝင်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်ဟု လုံး၀ ပြဋ္ဌာန်းထားခြင်းမရှိတာကို သတိပြုသင့်ပါတယ်" ဟု ဦးဇော်ဌေးက ဆိုသည်။
အစိုးရအနေဖြင့် ပြည်သူများကို သတိရှိရန် ပြောဆိုသွားပြီး ရွေးကောက်ပွဲ ပျက်ပြားစေရန် လုပ်ဆောင်မှုများကို အထူးသတိထားကြရန်လည်း ဦးဇော်ဌေးက ပြောဆိုသွားသည်။
"ဒီ ရွေးကောက်ပွဲက ကျနော်တို့နိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် အထူးပဲ အရေးကြီးတယ်။ ပြည်သူလူထုကို Message ပေးချင်တာကတော့ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်တယ်။ ဆိုင်ရာဆိုင်ရာကဏ္ဍကနေပြီးတော့ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ ။ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုတွေကို အထူးသတိပြုကြဖို့" ဟု ဦးဇော်ဌေးက ဆိုသည်။
နိုဝင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး မအောင်မြင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ဝေဖန်ခဲ့သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပေါ်ပြူလာသတင်းဌာနတို့ တွေ့ဆုံမေးမြန်းခန်းတွင် တပ်ချုပ်က ၎င်းအနေဖြင့် ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်စွာ ကျင်းပနိုင်ရေး လိုလားကြောင်း၊ ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စွာ ကျင်းပရေးကိုလည်း သတိပေးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် သည့် အဖွဲ့အစည်းအနေဖြင့် တပ်မတော်အနေဖြင့် ပြောဆို သတိပေးရန် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

https://www.facebook.com/khitthitnews/posts/1055070038263675?__cft__[0]=AZX2yUzPruubp04SN8aP78_H3ZVQbpUWcfniZ9sgr9_zDrtxDAt8FNIyVYVZlhmJSmPxEwxQxKXvkSqbQzntwqC8XF9xFjRlq2wTGw5WvpOfkvi2GmDDwl5j1glwPOvaOu0XnY9zMSg5qFfmMj4mg_qm&__tn__=%2CO%2CP-R

No comments:

Post a Comment