Tuesday, November 3, 2020

၂၀၂၀ အလွန် အမျိုးသား ညီညွတ်ရေးအစိုးရ ပေါ်ပေါက်ဖွယ်ရှိဟု ဦးဇော်ဌေးဆို

 ၂၀၂၀ အလွန် အစိုးရတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ပြန်လည်ထည့်သွင်းထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရပုံစံ ပေါ်ထွက်လာမည်ဟု နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် နိုဝင်ဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရကိုယ်စား ပြောဆိုခဲ့သည်။

“၂၀၂၀ အလွန်ရှေ့ဆက်သွားမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအစီအစဉ်မှာလည်း အမျိုးသား ညီညွတ်ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးပြန်လည် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ နောက် National Unity Government လိုမျိုး အမျိုးသားညီညွတ်ရေးဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ်လာမယ်ဆိုတာ ပြောကြား လိုပါတယ်” ဟု ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

သို့သော်လည်း အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုရန်မရှိဟု ဦးဇော်ဌေးက တစ်ဆက်တည်း ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဆိုသည့် စကားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် ပထမဆုံး သုံးနှုန်း ခြင်းဖြစ်ပြီး အံ့အားသင့်မိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက မြန်မာတိုင်းမ်ကိုမှတ်ချက်ပြုသည်။

“ဒီစကားလုံးကို ရွေးကောက်ပွဲ ရလဒ်တွေ မထွက်ခင်မှာ သုံးတယ်ဆိုတာကတော့ နောင်အစိုးရဖွဲ့တဲ့အခါ လွှတ်တော်ထဲ ရောက်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အထူးသဖြင့်တော့ တိုင်းရင်းသားပါတီတွေနဲ့ တိုင်တိုင်ပင်ပင်နဲ့ အစိုးရကို ဖွဲ့စည်းပြီးတော့ လုပ်ဆောင်မယ်ဆိုတာကို ကြိုပြီး နိမိတ်ပြတာပဲ” ဟု ဦးရဲထွန်းက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်လောက်သည့်  ပမာဏမျိုးရခဲ့လျှင်ပင် ဗဟိုအစိုးရ သို့တည်းမဟုတ် ပြည်နယ် အစိုးရများတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများအား နေရာပေးမည့် သဘော ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးကို ဦးတည်သော အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဆိုလျှင် တပ်မတော်၏ကျောထောက်နောက်ခံ ရှိသည်ဟု ယူဆခံထားရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ရလိမ့်မည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ပေါ်ပေါက်လာပါက တိုင်းပြည်အတွက် ကောင်းမွန်မည်ဖြစ်သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများအရ ထိုသို့ဖြစ်ပေါ်ရန် အလားအလာနည်းသည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။


https://myanmar.mmtimes.com/news/146106.html

No comments:

Post a Comment