Tuesday, November 3, 2020

တပ်မတော်၏ ပြောဆိုချက်များနှင့်ထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတော်သမ္မတရုံးတုန့်ပြန်

 တပ်မတော်၏ ပြောဆိုချက်များနှင့်ထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတော်သမ္မတရုံးတုန့်ပြန်

By The Standard Time Daily -November 4, 2020

Share on Facebook


တပ်မတော်၏ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုချက်များသည် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုန့်ပြန်ပြောကြားခဲ့သည်။


ယနေ့(နိုဝင်ဘာ ၄ ရက်)တွင် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ဦးဇော်ဌေးက နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။


“တပ်မတော်ရဲ့နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာ သေချာမှုမရှိတဲ့ ပြောကြားချက်များကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှု တွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ Popular မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက် တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရများနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။


၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ ၊ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(င)အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုလိုကြောင်း၊ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်များအရ ဤဥပဒေပါကိစ္စရပ်များနှင့် အကြုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ဦးဇော်ဌေးက ဆိုသည်။


ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်ဟု ဥပဒေတွင် လုံးဝြပဋ္ဌာန်းထားခြင်းမရှိသည်ကို သတိပြုသင့်ကြောင်း ၎င်းကဆက်လက်ဖတ်ပြခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်က နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတက ကော်မရှင်ဥက္ကဋ္ဌကို ခန့်အပ်ရာတွင် မည်သည့်ပါတီ၊ အဖွဲ့အစည်းများဝင်များမှ မဟုတ်ဘဲ ပါမောက္ခချုပ်၊ အုပ်ချုပ်သူအငြိမ်းစားကို ခန့်အပ်ခြင်းသည် သမာသမတ်ကျ စေရန် ခန့်အပ်ခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လွတ်လပ်ပြီးမျှတရန်လိုအပ်ကြောင်း၊ မျှမျှတတလဲဖြစ်စေချင်ကြောင်း၊ ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲ တစ်ထပ်တည်းကျပြီး မျှတလွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်လက်ခံနိုင်ခြင်း စသည့်အတိုင်း ဖြစ်စေလိုကြောင်း၊ နိုင်ရင်ပြီးရင်လုပ်ဆောင်ခြင်းမှာ သိက္ခာမဲ့ကြောင်း၊ ရှက်ဖွယ်ကောင်း ကြောင်း လမ်းညွှန်ပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်တွင် တပ်မတော်က ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသောမှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ မှ ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာ သံသယဖြစ်ဖွယ် ရှိကြောင်း စသည်ဖြင့် တပ်မတော်က ထုတ်ပြန်ထားခြင်းဖြစ်သည်။


အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပေါ်ပြူလာနှင့် အင်တာဗျူးတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလိုလားအပ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာမည်စိုးသောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

http://sdtimedaily.com/2020/11/04/kz01-281/

No comments:

Post a Comment