မြေပုံမြို့နယ်တွင် လူငယ်နှစ်ဦးသေနတ်ပစ်ခံရ၍ ဒဏ်ရာရ၊ တစ်ဦးကို ဆေးရုံတင်ထားရ
အိမ်စိုးဖြူ
နိရဉ္စရာ၊ နိုဝင်ဘာ ၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြက်ရေကြီးကျေးရွာမှ လူငယ်နှစ်ဦးမှာ ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် မြေပုံမြို့အထွက် ကံသာရွာအနီးတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် သေနတ်ကျည် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိခဲ့သူများမှာ ကိုမျိုးနိုင်(၂၁)နှစ်နှင့် မောင်စိုးထက်အောင်(၁၈)နှစ်တို့ဖြစ်သည်။
၎င်းတို့မှာ မယ်ဒလင်ကြိုးဝယ်ယူရန် မြေပုံမြို့ပေါ်သို့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခန့်က အိမ်က ထွက်သွားပြီး မြေပုံမှ အပြန် အရက်အနည်းငယ်သောက်လာသဖြင့် လုံခြုံရေးတပ်မှ ဆိုင်ကယ်ရပ်ရန် ပြောသည်ကို မကြား၍ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဉ္စရာသတင်းဌာနအားပြောသည်။
ကိုမျိုးနိုင်၏ မိခင်ဖြစ်သူဒေါ်မခင်ကြည်က “ သူတို့က လူငယ်သဘာဝ မြို့ကိုသွားတော့ သောက်စား လာတယ် ထင်တယ်။ အဲဒီအချိန်မှာ နာရေးကားတွေလည်း ဖြတ်သွားနေတော့ စစ်သားတွေ ခေါ်တာ မကြားမိလို့ ပြောတယ်။ ဒါကြောင့် ဟိုက ပစ်လိုက်တာပါ။ အဒေါ်ရဲ့သားက တံတောင်ဆစ်မှာ သေနတ်ကျည်တစ်ချက်နဲ့ ပေါင်မှ ရှပ်ထိဒဏ်ရာရလို့ ဆေးရုံတင်လိုက်ရတာပါ” ဟုပြောသည်။
မောင်စိုးထက်အောင်တွင် ပေါင်အောက်နားတွင် ရှပ်ထိဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးထည့်ကာ အိမ်ပြန်သွားပြီဖြစ်ကြောင်း သူမကဆက်ပြောသည်။
“ဘယ်လိုပြောရမလဲကွယ် အဒေါ်တို့ကဆင်းရဲတယ်။ အသက်မသေတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရတော့မှာပေါ့။ သားလေးရဲ့ဆေးဖိုးတွေကို တပ်ကပေးမလား မသိသေးဘူး။ မနေ့ကတော့ တပ်က ဗိုလ်ကြီးတွေလာကြည့်ကြတယ်။ လိုတာရှိရင်ပြောလို့တော့ပြောခဲ့တယ် ” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပုံမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လူငယ်နှစ်ဦး သေနတ်ဒဏ်ရာရရှိသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။
“ဦးလေးလည်း သတင်းကြားပြီးပြီ။ သူတို့မိသားစုထဲက ဆက်သွယ်လာကြတယ်။ စစ်ဆေးရေးဂိတ်က ခေါ်တာ မကြားလို့ ပစ်လိုက်တယ်လို့တော့ကြားတယ်။ အသေးစိတ်ကို ဆေးရုံကို သွားပြီးမှ သိရမယ်။ ဆေးရုံကို လိုက်သွားဖို့ရှိပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋ္ဋိပက္ခကြောင့် အရပ်သားပြည်သူထိခိုက်မှုများ၊ သေဆုံးဒဏ်ရာရရှိမှုများ တိုးလာနေကာ၊ လက်ရှိ အချိန် အရပ်သား သေဆုံးမှု ၃ဝဝ ကျော်၊ ဒဏ်ရာရသူ ၆ဝဝ ကျော်ရှိကာ စစ်ပွဲဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းကျော်အထိရှိလာကြောင်း ရခိုင် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ စာရင်းအရသိရသည်။
-------------------------------
Unicode -
အိမျစိုးဖွူ
နိရဉ်စရာ၊ နိုဝငျဘာ ၄/၂ဝ၂ဝ
https://burmese.narinjara.com/.../5fa2598c8d5b5818df39dc2e
https://www.facebook.com/narinjara.info/posts/3757615954250454
No comments:
Post a Comment