ကျောက်ဖြူ ဇိုင်ချောင်းကျေးရွာထဲတွင် ဖမ်းဆီးခံနေရသူများနှင့် ၄ ရက်ကြာလာသည်အထိ အဆက်သွယ်မရ၍ စိုးရိမ်မှုမြင့်တက်
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၄/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအတွင်း ပိတ်လှောင် ဖမ်းဆီးခံထားရသည့် အမျိုးသမီးများနှင့် သက်ကြီးများအပါအဝင် ကျေးရွာသား ၆ဝ ခန့်တို့နှင့် ယနေ့ ၄ ရက်မြောက်ကြာအထိ အဆက်သွယ်မရသည့် အပြင် ၎င်းတို့နှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းမျိုးစုံ ပျံ့နှံ့နေသဖြင့် မိသားစုများ အထူး စိုးရိမ်လျှက်ရှိကြကြောင်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
၎င်းရပ်မိရပ်ဖက “ အခု ဘယ်သူနဲ့မှ အဆက်သွယ်မရဘူး။ ရွာထဲကိုလည်း ဘယ်သူမှ မဝင်ရဲဘူးဖြစ်နေတယ်။ အဲဒီအထဲမှာ ပိတ်မိကျန်ခဲ့တဲ့ သူတွေအတွက် စိုးရိမ်မှုကတော့ ပြောနေစရာမလိုတော့ဘူး။ အခု သူတို့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်နေတဲအတွက် အထူးစိုးရိမ်နေကြရပါတယ်” ဟု ပြောသည်။
အဆိုပါ ဝန်းကျင်တွင် ရေတပ်သားသုံးဦး အဖမ်းခံရသည်ဆိုသော သတင်းထွက်ပေါ်လာပြီးနောက် နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု၊ ဇိုင်ချောင်းအတွင်းသို့ တပ်မတော် စစ်ကြောင်း တစ်ခု ဝင်ရောက်လာပြီး ရွာသား ၆ဝ ခန့်ကို ရွာထဲရှိ စာသင်ကျောင်းတွင် ပိတ်လှောင်ထားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောကြားသည်။
“ အခုက သတင်းတွေမျိုးစုံထွက်နေတယ်။ အဆက်အသွယ်မရတော့ အထူးစိုးရိမ်နေကြရတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ခြေနဲ့ ကန်လိုက်လို့ ကိုယ်ဝန်ပျက်ကျသွားတယ်။ အသက်အန္တရာယ် ရှိနေတယ်ဆိုပြီး သတင်းရတယ်။ ကလေးတွေကို ခြေတွေနဲ့ ကန်တာတွေ၊ ကလေးတွေ ငိုတယ်၊ အော်တယ်။ အဲဒီ စာသင်ကျောင်းက ကလေးတွေ အော်တာ၊ ငိုတာကို ရွာပြင်ကနေ ကြားရပါတယ်လို့ သတင်းရတယ်။ အမြန်ဆုံး သူတို့နဲ့ ဆက်သွယ်ရဖို့ အရေးကြီးနေပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ဝင်းကြည်မှာ ကိုယ်ဝန်ပျက်ကျသွား၍ ဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်နေသည်ဟု သတင်းရရှိကြောင်း၊ ဇိုင်ချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝ ခန့်အကွာတွင် နွားကျောင်းနေသည့် ဦးစံသာအေး (၅၁) နှစ်မှာလည်း လက်ရှိအချိန်ထိ ပျောက်ဆုံး နေ၍ သူ့အတွက် စိုးရိမ်စရာ အခြေနေရှိကြောင်း ၎င်း ရပ်မိရပ်ဖက ဆက်ပြောသည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “အခုထိ သတင်းလည်း တစ်ခုမှ မရသေးဘူး။ သူတို့ကို ဖမ်းထားတာ နိုဝင်ဘာ ၂ ရက်နေ့ကဆိုရင် ဒီနေ့ဆို ၄ ရက်ဖြစ်သွားပြီ။ ကျွန်တော်တို့ အရင်နေ့တွေက ဆက်သွယ်နေတဲ့ အဲဒီအနီးပတ်ဝန်းကျင်က လူတွေကိုလည်း အခု ဆက်သွယ်လို့ မရတော့ဘူး ဖြစ်နေတယ်။ ကြည့်ရတာ သူတို့လည်း အခက်ခဲနဲ့ ကြုံနေရပြီထင်တယ်။ အခုလိုအခြေနေမျိုးဆိုရင် အရမ်းကြီး စိုးရိမ်ရတဲ့ အခြေနေမျိုး ရောက်နေပြီလို့ ကျွန်တော်မြင်တယ်။ ဖမ်းထားတဲ့အထဲမှာလည်း သံသယရှိလို့ လူတွေကို ရွေးပြီး ဖမ်းသွားတာမျိုး မဟုတ်ဘူး။ တွေ့တဲ့လူကို ဖမ်းသွားတာဆိုတော့ လူကြီး၊ လူငယ် အကုန်ပါမယ်။ အထူးစိုးရိမ်ရတာက သက်ကြီးတွေ၊ ကလေးသူငယ်တွေကို ကျွေးမွေးဖို့အတွက် သူတို့ ဘယ်လိုစီစဉ်လဲ ကျွန်တော်တို့ ဘာတစ်ခုမှ မသိရဘူး။ အဲဒါကြောင့် အထူးစိုးရိမ်ရတဲ့ အခြေနေဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လည်း စိုးရိမ်ရတဲ့ အခြေနေမျိုး ကြားနေရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ဇိုင်ချောင်းကျေးရွာအတွင်းသို့ အင်အား ၃ဝဝ ခန့်ပါသည့် တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် ကျေးရွာသားများမှာ ကြောက်လန့်ကာ ထွက်ပြေးကြစဉ် အဆိုပါ ကျေးရွာသား ၆ဝ ဦးခန့်အား စာသင်ကျောင်းတွင် ယင်းနေ့ နေ့လယ်ပိုင်းက ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ထိုတပ်မတော်စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့က ဦးအောင်မြင့်၏ ကုန်စုံဆိုင်နှင့် ဦးဆိတ်နုအောင်၏ နေအိမ်တို့မှာ မီးလောင်သွားခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယခုလို လူထုဒုက္ခရောက်နေသည်ကို အစိုးရအနေဖြင့်လည်း သေချာလေ့လာစုံစမ်းပြီး ဘေးအန္တရာယ် မကျရောက်အောင် တာဝန်ခံ ဖြေရှင်းသင့်ကြာင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ကိုထွန်းကြည်က ပြောသည်။
“စစ်သားချင်း စစ်တိုက်တာက ကိစ္စမရှိဘူး။ အခုလို ရွာသားတွေကို ခေါ်ပြီး ပိတ်လှောင်ထားတာမျိုးတွေ၊ အကြမ်းဖက်နည်းသုံးပြီး မေးမြန်း၊ စစ်ဆေးတာမျိုးတွေကတော့ မဖြစ်သင့်ဘူး။ နားလည်ဖို့ ခက်တယ်။ အဲဒါတွေက မကောင်းဘူး” ဟု နိရဉ္စရာက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
ဇိုင်ချောင်းကျေးရွာတွင် အိမ်ခြေ ၁၂ဝ နှင့် လူဦးရေ ၅ဝဝ ကျော်ရှိပြီး ကျေးရွာထဲသို့ ယင်းထဲမှ ၁ဝဝ ခန့်မှာ ကျေးရွာထဲသို့ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ကျောက်ဖြူမြို့နယ် သပြုတောင်ကျေးရွာနှင့် ကုလာဘာကျေးရွာတို့ထံ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြပြီး အချို့မှာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့တို့တွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကြောင်း သိရသည်။
(သိုင်းချောင်း၊ ဇိုင်ချောင်းမှာ ထွက်ပြေး၍ ကျောက်ဖြူသို့ ရောက်ရှိနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ထွန်းထွန်းနိုင်ပို့စ်)
----------------------------
Unicode -
နိရဉ်စရာ၊ နိုဝငျဘာ ၄/ ၂ဝ၂ဝ
https://burmese.narinjara.com/.../5fa25e268d5b5818df39dc30
https://www.facebook.com/narinjara.info/posts/3757619594250090
No comments:
Post a Comment