Tuesday, November 3, 2020

စစ်တွေ ပလ္လင်ပြင်ကျေးရွာသား ၄ ဦးကို စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ယူသွား

 စစ်တွေ ပလ္လင်ပြင်ကျေးရွာသား ၄ ဦးကို  စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ယူသွား

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ နိုဝင်ဘာ ၄ / ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာမှ ကျေးရွာသား ၄ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော် အချိန်ခန့်က မြန်မာတပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ယူသွားခြင်းခံရသူ ၄ ဦးမှာ ဦးသာထွန်းလှ (၆၈)နှစ်၊ ဦးထွန်းကျော်လှိုင် (၄၈)နှစ်၊ ဦးမောင်သိန်းချေ (ခ) ဦးဆိတ်တောင်း (၄၀)နှင့် ဦးကျော်ဝင်းချေ (၃၈)နှစ် အရွယ်တို့ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ ဦးသာထွန်းလှ၏သမီးဖြစ်သူ ဒေါ်မသန်းလှိုင်က “ ကျမက အိမ်ရှေ့ ဝရံတာခန်းမှာ ထိုင်ပြီးတော့ စက်ချုပ်နေတယ်။ အဲဒီအချိန်မှာ ကျမတို့အိမ်နားမှာ ကင်းစောင့်ရပ်နေတဲ့ စစ်သား ၈ ယောက်လောက်က အောင်တိုင်ရွာကို ဘယ်လမ်းကသွားရလဲဆိုပြီးတော့မေးကြတယ်။ အိမ်နားကလူတွေက အောင်တိုင်ရွာကို သွားတဲ့ လမ်းကပြတယ်။ ဒါပေမယ့်သူတို့ကမသွားဘူး။ အဲဒီအချိန်မှာတော့ ကျမအဖေက အိမ်မှာမရှိဘူး။ ခဏနေတော့ အဖေက အိမ်ကိုရောက်လာတယ်။ အဖေအိမ်ထဲကို ဝင်လာတာမြင်တာနဲ့ သူတို့လည်း အိမ်ထဲကို ဝင်လာတယ်။ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးတယ်။ ပြီးတော့ အဖေကို ခဏလိုက်ခဲ့ဆိုပြီးတော့ ခေါ်သွားတယ်” ဟုပြောသည်။

တချို့နေရာများတွင် အရပ်သားများ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခံရသလိုမျိုးဖြစ်မှာကို အလွန် စိုးရိမ်ကြောင့်နှင့် ဖမ်းဆီးခံရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေါ်မသန်းလှိုင်က ပြောကြားသည်။

၎င်းတပ်မတော်စစ်ကြောင်း စုပေါင်းတပ်ဖွဲ့သည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ပလ္လင်ပြင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာထဲ၌  စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ညနေ ၅ နာရီကျော်အချိန်၌ သူတို့ပြန်သွားချိန်တွင် အဆိုပါ လူ ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပလ္လင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းမြက အတည်ပြု ပြောကြာသည်။

ဦးမောင်သိန်းမြက “ ကျနော်ကလည်း မနေ့ကရွာမှာ မရှိတဲ့အတွက် သူတို့အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုလည်း ကျနော်မပြောနိုင်ဘူး။ ကားသုံးစီးနဲ့ လာကြတယ်လို့တော့ ပြောကြတယ်။ ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးဆိုပြီးတော့ ပြောကြတယ်။ ကျနော်တို့ရွာကို အရင်ဒီလိုမျိုး ဝင်စစ်တာတွေတော့မရှိဘူး။ ဒါကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်” ဟုပြောသည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။ 

သို့သော်လည်း သူ့၏လူမှုကွန်ယက်ပေါ်တွင် အဆိုပါရွာသား ၄ ဦးဖမ်းဆီးခံရခြင်းကို ယနေ့နံနက်က ယခုလို ရေးသားဖော်ပြထားသည်။ 

“ အဆိုပါဖမ်းဆီးခံလေးဦးအား မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များအား ပြောကြားသွားခဲ့ခြင်းမရှိပါ။ ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကိုလည်း ယခုအချိန်ထိ မသိရသေးပါ။ ထိုအဖမ်းဆီးခံ ပုဂ္ဂိုလ် လေးဦးတို့၏ ဖြစ်စဉ်များနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာ လျက်ရှိပါသည်။ ထိုအဖမ်းဆီးခံ ပုဂ္ဂိုလ် လေးဦးတို့နှင့် ပတ်သက်၍ အခြေခံ လူ့အခွင့်အရေး ကျော်လွန် လုပ်ဆောင်ခြင်းများမရှိစေရအောင် ကြပ်မတ်ရန်မှာ မြန်မာနိုင်ငံတော် သမ္မတတွင် နိုင်ငံဖွဲ့စည်းပုံအရ အင်နှင်းထားသော တာဝန်ရှိပါသည်။” 

စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က “ ကျော်ဇောဦးတင်ထားတာကိုတော့ တွေ့ရတယ်။ ပလ္လင်ပြင်က လေးယောက်အဖမ်းခံရတယ်။ မိသားစုနဲ့လည်း အခုအချိန်ထိ အဆက်အသွယ် မရသေးဘူး။ ဖမ်းတဲ့ အချိန်မှာလည်း ဘာကြောင့်ဖမ်းတယ်ဆိုတာကိုလည်း မိသားစုကို မပြောခဲ့ဘူး။ အခုလည်း သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုဝင်တွေက မသိသေးဘူး။ အဲဒီ လေးယောက်ကို တရားဥပဒေနဲ့ အညီလုပ်ပေါ့။ ဒီကိစ္စတွေဟာ အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီးတော့ ကျော်ဇောဦး တင်ထားတာတွေကိုတော့ တွေ့ရတယ်။ ကျနော်ကလည်း အဲလောက်ပါပဲ သိတယ်။” ဟုပြောသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

----------------- 

Unicode



နိရဉ်စရာ၊ နိုဝငျဘာ ၄ / ၂၀၂၀













https://burmese.narinjara.com/.../5fa237638d5b5818df39dc2c


https://www.facebook.com/narinjara.info/posts/3757308794281170

No comments:

Post a Comment