အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်၊ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ်တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့
နေပြည်တော် နိုဝင်ဘာ ၂၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် တန်ဆရီ မူယီဒင် မော့ဒ် ရာဆင်၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စကော့လ် မော်ရ်ဆန်၊ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဇဗီးယား ဘက်တယ်လ်တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် တန်ဆရီ မူယီဒင် မော့ဒ် ရာဆင် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
မလေးရှားဝန်ကြီးချုပ်၏သဝဏ်လွှာတွင် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ၌ အဆွေတော်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
မြန်မာပြည်သူများအနေဖြင့် ၎င်းတို့မျှော်လင့်သည့် အနာဂတ်အား ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီ စနစ် လိုလားမှုအပေါ် အတိအလင်း ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း၊ အသစ်ပြန်လည်အပ်နှင်း လိုက်သည့် အခွင့်အာဏာသည် အဆွေတော်၏ ဦးဆောင်မှုအပေါ် ပြည်သူများ၏ ယုံကြည် ထောက်ခံမှုကို သက်သေပြခဲ့ခြင်းဖြစ်ပါကြောင်း၊
ပြီးခဲ့သည့် (၅)နှစ်အတွင်း အဆွေတော်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ အသစ်ခန့်အပ်လိုက်သည့် မြန်မာအစိုးရအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားနိုင်ရေး၊ ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းနိုင်ရေးနှင့် ငြိမ်းချမ်း သာယာဝပြောသော မြန်မာနိုင်ငံအဖြစ် ရောက်ရှိရေးတို့အား ဆက်လက် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊
မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့၏မိတ်ဖက်နှင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မိမိအနေ ဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် သာယာဝပြောမှုအတွက် အတူတကွ စွမ်းဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စကော့လ် မော်ရ်ဆန် မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာခြင်း
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ပါတီက ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံက ပြည်သူများကို ချီးကျူးမိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် သြစတြေးလျနိုင်ငံက ကူညီထောက်ပံ့ခွင့်ရသည့် အတွက် ကျေနပ် မိပါကြောင်း၊ ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဖက်များအဖြစ် အချိန်ကြာမြင့်စွာ ရှိခဲ့ကြပါကြောင်းနှင့် ဩစတြေးလျနိုင်ငံတွင် တောမီး လောင်ကျွမ်းမှုအရေးကိစ္စ ဖြစ်ပေါ်ခဲ့စဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အားပေးနှစ်သိမ့်သည့် စကားများအတွက်လည်း ကျေးဇူးတင်ရှိ သည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊
ဩစတြေးလျနိုင်ငံက အဓိကအလေးထားသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနှင့် ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည်ကုစားရေးတို့တွင် မြန်မာအစိုးရ၊ အဆွေတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူလက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း၊ အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးတွင် မိမိကြေညာခဲ့သည့်အတိုင်းပင် ဩစတြေးလျ နိုင်ငံသည် နေပြည်တော်တွင် ဆက်သွယ်ရေးရုံးဖွင့်လှစ်ကာ အဆိုပါကိစ္စရပ်များတွင် မြန်မာနိုင်ငံ အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုများကို ပိုမိုမြှင့်တင် သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဇဗီးယား ဘက်တယ်လ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စနစ်တကျ ပိုင်နိုင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေး ကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော အဆွေတော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့အတွက် လူဇင်ဘတ်အစိုးရကိုယ်စား မိမိမှများစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ တွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူ အားလုံး ပါဝင်နိုင်ရေးအတွက် လူဇင်ဘတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ တို့အနေဖြင့် ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊
လာမည့်နှစ်များအတွင်း မြန်မာ-လူဇင်ဘတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ဆက်လက် ခိုင်မာလာကာ နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံဆောင်ရွက်မှုများသည်လည်း ပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်ပါကြောင်း၊
No comments:
Post a Comment