စစ်တွေ ပလ္လင်ပြင်ကျေးရွာသား ၄ ဦး ပြန်လွတ်လာ
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ နိုဝင်ဘာ ၅ / ၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာသား ၄ ဦးကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရေချမ်းပြင် ရဲစခန်းမှ တစ်ဆင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့ ၄ ဦးမှာ ဦးသာထွန်းလှ (၆၈)နှစ်၊ ဦးထွန်းကျော်လှိုင် (၄၈)နှစ်၊ ဦးမောင်သိန်းချေ (ခ) ဦးဆိတ်တောင်း (၄၀)နှင့် ဦးကျော်ဝင်းချေ (၃၈)နှစ် အရွယ်တို့ဖြစ်ကြောင်း ဦးသာထွန်းလှ၏သမီး ဒေါ်မသန်းလှိုင်က ပြောသည်။
“ မနေ့က ၅ နာရီလောက်မှာ ရေချမ်းပြင်ရဲစခန်းကနေပြီးတော့ လွတ်လာပါတယ်။ စစ်သားတွေကတော့ မနေ့က ညနေ ၄ နာရီလောက်မှာ ရေချမ်းပြင်ရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်လို့ပြောပါတယ်။ ကျမအဖေ ပြောတာကတော့ ရွာကထွက်တဲ့ အချိန်ကနေ မျက်နှာကို အဝတ်စနဲ့ ချုပ်ယူသွားလို့ပြောတယ်။ ပြီးတော့ ၃၅၄ တပ်မှာ ထားပြီးတော့ စစ်ဆေးတယ်လို့ပြောတယ်။ စစ်ဆေးတာတွေကတော့ AA နဲ့ ဆက်စပ်မှု ရှိတယ်။ AA ကို ထောက်ပံ့ကြေးတွေပေးတယ်ဆိုပြီးတော့ စွပ်စွဲတယ်လို့ပြောတယ်။ ကျမအဖေတို့က AA နဲ့ ဆက်စပ်မ မရှိသလို ထောက်ပံ့ကြေးပေးတာတွေလည်း မရှိဘူးဆိုပြီးတော့ ငြင်းဆိုတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်။” ဟုပြောသည်။
ဖခင်ဖြစ်သူအပါအဝင် ဖမ်းဆီးခံရသော ကျေးရွာသားများအားကို ပြန်လည်လွှတ်ပေးလိုက်သဖြင့် အလွန်ဝမ်းသာမိကြောင်း ဒေါ်မသန်းလှိုင်ကဆက်ပြောသည်။
၎င်းတို့ ၄ ဦးအား ပလ္လင်ပြင်ကျေးရွာသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်စစ်ကြောင်း စုပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလ္လင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြစိန်ကလည်း ၎င်းတို့ ၄ ဦး လွတ်မြောက်လာခြင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
---------------------
Unicode
နိရဉ်စရာ၊ နိုဝငျဘာ ၅ / ၂၀၂၀
https://burmese.narinjara.com/.../5fa38a708d5b5818df39dc3d
https://www.facebook.com/narinjara.info/posts/3760232150655501
No comments:
Post a Comment