မင်းပြားမြို့နယ် အပြင်ဒုံးချောင်ကျေးရွာမှ သေနတ်ပစ်ခတ်ခံရပြီး မြစ်ထဲသို့ ကျသွားသည့် ဦးထွန်းထွန်းဝင်း အလောင်းပြန်တွေ့
ဆောင်းဇာခြည်
နိရဉ္စရာ၊ နိုဝင်ဘာ ၅/ ၂၀၂၀
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အပြင်ဒုံးချောင်ကျေးရွာမှ သေနတ်ပစ်ခတ်ခံရပြီး မြစ်ထဲသို့ ကျသွားကာ ပျောက်ဆုံးနေသည့် ကိုထွန်းထွန်းဝင်း (၃၀) နှစ် အလောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိပြီဖြစ်ကြောင်း မိသားစုများက ပြောသည်။
၎င်းမှာ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၁နာရီခန့်က အင်အား ၅၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာအတွင်း ဝင်လာ၍ ကျေးရွာသားများ ကြောက်လန့်၍ ထွက်ပြေးစဉ် သေနတ်ဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် လေးမြို့မြစ်ထဲသို့ ကျသွားခဲ့သည်။
၎င်း၏ အလောင်းအား ယနေ့ နံနက် ၇ နာရီခန့်က လေးမြို့မြစ်ကမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏ ဇနီးဒေါ်မလှကြီးက ပြောသည်။
ဒေါ်မလှကြီးက “အလောင်းက အနံ့တောင်ထွက်နေပါပြီ။ ခေါင်းရဲ့ အနောက်က လုံးဝ ပိုင်းသွားတယ်။ အဲဒီနေ့က စစ်သားတွေ ဝင်လာတော့ အကုန်လုံးကြောက်ပြီး ပြေးတော့ ကျွန်မယောကျ်ားလည်း မြစ်ကမ်းဘေးကို ထွက်ပြေးတာ။ အဲဒါကို စစ်သားတွေက လှမ်းပစ်တာ။ တမင်ပစ်တာပါ။ မသေရင် သေအောင်လို့ကို ပစ်ခဲ့တာပါ။ ကျွန်မယောကျ်ားက ထွက်ပြေးလာတဲ့ အချိန် ကျွန်မတို့ သားမိက မြစ်ကမ်းဘေးမှာ ဝပ်နေကြပြီ။ သူက မြစ်ကမ်းဘေးကို ပြေးပြီးဆင်းလာတာ။ အဲဒီမှာ ပစ်တာ။ စစ်သားတွေ လှမ်းပစ်တာကို ရွာသားတွေ အကုန်လုံးက မြင်တယ်။ ကျွန်မတို့ သားမိက သူလုပ်ကျွေးလို့ စားနေကြရတာ။ ကျွန်မက ဘာစီးပွားရေးမှလည်း မလုပ်တတ်ဘူး။ လင်တစ်ယောက်လုံး ဆုံးရှုံးသွားတော့ မခံစားနိုင်ဘူး ဖြစ်နေတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ်၊ မြစ်နားဒုံချောင်းကျေးရွာအနီး တပ်မတော်ယာဉ်တန်းအား အေအေအဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်လျှက်ရှိကြောင်း သတင်းရရှိ၍ ၎င်းတို့ တပ်ဖွဲ့ဝင်များက ယင်းကျေးရွာအနီး လုံခြုံရေးလုပ်ငန်းဆောင်ရွက်နေစဉ် နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မြစ်နားဒုံးချောင်ကျေးရွာရှိ “ဝင်း” စားသောက်ဆိုင်မှ အရှေ့ဘက်သို့ ထွက်ပြေးသွားသည့် အရပ်ဝတ် များဖြင့် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ထားသော အေအေ အဖွဲ့ဝင် ၃ ဦးအား တွေ့ရှိရသဖြင့် လုံခြုံရေး အဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း အေအေအဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေးမြို့မြစ်အတွင်း ခုန်ချထွက်ပြေးသွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သေဆုံးသွားသူ ဦးထွန်းထွန်ဝင်း၏ ဖခင်ဦးသာစိန်အောင်က “ဘယ်ကရမလဲ လက်နက်။ ကျွန်တော့်သားမှာ ဘယ်က လက်နက်ရမှာလဲ။ အဲဒီနေ့က သူတို့ ဝင်လာတာနဲ့ အကုန်လုံးက နီးစပ်ရာအိမ်တွေမှာ ဝင်ပုန်းကြတယ်။ ကျွန်တော်တို့ နယ်မြေက သန့်ရှင်းတဲ့ နယ်မြေပါ။ လုပ်ကြံပြီး ပြောတာသာ ဖြစ်တယ်။ ကျွန်တော်တို့က မတရားလို့ပဲ မြင်တယ်။ ဥပမာ ပေါက်ကွဲမှုတစ်ခုခုဖြစ်လို့ မသင်္ကာလို့ ပစ်လိုက်တယ်ဆိုရင် ကျွန်တော်ကျေနပ်တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေမှာ ဘယ်က လက်နက်ရမှာလဲ” ဟု နိရဉ္စရာသို့ ပြောသည်။
ဦးထွန်းထွန်းဝင်းတွင် ၇ နှစ်အရွယ် သားတစ်ဦးလည်း ကျန်ခဲ့ကြောင်း သိရသည်။
အလောင်းအား နာရေးကားဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မင်းပြားဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ထားပြီဖြစ်ကြောင်း၊ ယင်းတွင် စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် မင်းပြားသင်္ချိုင်း၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမဲလှအောင်က ပြောသည်။
“စစ်တပ်ကပြောတဲ့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အဲဒီနေ့က စစ်သားတွေ သေနတ်ပစ်ပြီး ဝင်လာတော့ အကုန်လုံးက ထွက်ပြေးကြတယ်လေ။ မြစ်ကမ်းဘက်ကို ဆင်းပြေးကြတာ။ အဲဒါကို လှမ်းပစ်တာ။ သူက သာမာန်လူကောင်းတစ်ဦးပါ။ နွား ၃/၄ ကောင်ရှိတာလေးနဲ့ ယာခင်း လုပ်စားနေသူပါ။ အလောင်းကို မြောင်းဘွေနဲ့ မင်းပြားဘက်ကို သွားတဲ့လမ်းမှာ သံရှင်ရဲစခန်းဆိုတာ ရှိပါတယ်။ အဲဒီရဲစခန်းအောက်က မြစ်ကမ်းဘေးမှာ သောင်တင်နေတာပေါ့။ ဒီနေ့ အလောင်းက အဲဒီမှာ မျောနေတယ်လို့ မနက်အစောကြီး သတင်းရလို့ သွားကြည့်တော့ သူဖြစ်နေပါတယ်။ ဒဏ်ရာကတော့ ဦးခေါင်းက တစ်ပိုင်း လုံးဝ ပြတ်သွားပါတယ်။ ကျန်တဲ့နေရာမှာတော့ ဒဏ်ရာ မရှိပါဘူး” ဟု ဦးမဲလှအောင်က ပြောသည်။
ယင်းနေ့ နိုဝင်ဘာ ၃ ရက်နေ့က ကျေးရွာအတွင်း ဝင်လာသည့် တပ်မတော်စစ်ကြောင်းသည် ကျေးရွာ၏ အရှေ့ဘက်ရှိ လေးမြို့မြစ်၏ တစ်ဘက်ကမ်း၌ရှိသည့် တောင်တန်းများအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကျေးရွာအတွင်းမှနေ၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ကျေးရွာသားများက ပြောသည်။
ယင်းနေ့ နေ့လယ် ၂ နာရီခန့်က ကျေးရွာအတွင်းသို့ နောက်ထပ် အင်အား ၅၀ ခန့်ပါသည့် တပ်မတော် စစ်ကြောင်းတစ်ခု ထပ်မံရောက်ရှိလာကာ ၎င်းရောက်ရှိလာသည့် စစ်ကြောင်းနှင့် ကျေးရွာအတွင်းရှိသည့် တပ်မတော်စစ်ကြောင်းတို့ ပူးပေါင်းကာ ကျေးရွာမှ ထွက်ခွာသွားကြကြောင်းလည်း ကျေးရွာသားများက ပြောသည်။
-----------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၅/ ၂၀၂၀
https://burmese.narinjara.com/.../5fa394998d5b5818df39dc3f
https://www.facebook.com/narinjara.info/posts/3760290117316371
No comments:
Post a Comment