Friday, November 27, 2020

တပ်မတော်နဲ့ တစ်ဖွဲ့ချင်းစီဆွေးနွေးရေး မြောက်ပိုင်းမဟာမိတ်စဉ်းစားနေ

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ကိုဗစ်ကပ်ရောဂါ ကာလ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အရင်လို တပ်ပေါင်းစုအနေနဲ့ သာမကပဲ တစ်ဖွဲ့ချင်းအလိုက်ပါ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ အစိုးရနဲ့ ဆွေးနွေးနေတာ ဖြစ်ပြီး ဒီဆွေးနွေးရာမှာ တပ်ပေါင်းစုအဖွဲ့ဝင် ၄ ဖွဲ့လုံးနဲ့ တချိန်တည်း တွေ့ဆုံဆွေးနွေးဖို့ မူချမှတ်ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာတော့ COVID 19 ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ တနှစ်နီးပါးကြာ ရပ်ဆိုင်းခဲ့တဲ့နောက် တစ်ဖွဲ့ချင်းစီ ဆွေးနွေးဖို့လည်း ပြင်ဆင်နေတယ်လို့ TNLA တအန်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“တပ်ဘက်က သူတို့က အပစ်ရပ်အဖွဲ့ကို ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးတော့မှ AA ဘက်ရော ကမ်းလှမ်းမှုတွေ ရှိလာတာပေါ့နော်။ အောက်ခြေတပ်တွေကနေပြီးတော့မှ။ ကိုးကန့်ဘက်လည်း သူတို့ အဲလိုမျိုး ရမခဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းတာတွေ ရှိတယ်။ ကျနော်တို့ဘက်တော့ ကမ်းလှမ်းတာ မရှိသေးဘူး။ ကမ်းလှမ်းလာလို့ ရှိရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး အချင်းချင်း ဆွေးနွေးကြတဲ့အခါကျတော့ ဒီလိုမျိုးရောဂါကာလ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ၄ ဖွဲ့လုံး အတူတကွ တွေ့ဆုံဖို့က နည်းနည်း ခဲယဉ်းတာပေါ့။ အဲဒါနဲ့ ကျနော်တို့က အပြုသဘောအနေနဲ့ တွေ့ဆုံသင့်တယ်။ အဲဒီလိုမျိုးတော့ မြင်တာပေါ့။ တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဖို့တော့ ကျနော်တို့က စဉ်းစားကြတာပေါ့။ ဒါပေမဲ့ လောလောဆယ်တော့ တွေ့မယ်လို့ ယတိပြတ်တော့ ဆုံးဖြတ်ချက် မရှိသေးဘူး။” တစ်ဖွဲ့ချင်းစီနဲ့ တွေ့မယ်ဆိုရင် အရင် မဟာမိတ် ၄ ဖွဲ့ရဲ့ သဘောထားအတိုင်း တွေ့ဆုံဖို့စဉ်းစားထားကြကြောင်း ပြောပါတယ်။

ဒီလ ၉ ရက်နေ့က တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ထပ်မံ ဖွဲ့စည်းခဲ့သလို ဒီလို ဖွဲ့စည်းလိုက်တာကိုလည်း တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင် လက်နက်ကိုင် ၃ ဖွဲ့က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို တစ်ဖွဲ့ချင်း တွေ့ဆုံမယ့် သဘောထားနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလို ပြောပါတယ်။

“ဒီကိစ္စကတော့ အခြေအနေ၊ အချက်အလက်ပေါ်မှာ မူတည်တာပေါ့ဗျာ။ တစ်ဖွဲ့ချင်း ဆွေးနွေးစရာ ကိစ္စဆိုရင် တစ်ဖွဲ့ချင်း ဆွေးနွေးမှာပေါ့။ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဆိုရင် ကျနော်တို့ ညီနောင်မဟာမိတ်တွေအားလုံး တပေါင်းတည်း ဆွေးနွေးမှာပေါ့။ ဥပမာ ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်ဒေသမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးအခြေအနေကို အခုထက်ပိုပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ဒီ မြန်မာစစ်တပ်နဲ့ ကျနော်တို့ကြားမှာ နှစ်ဘက် ညှိနှိုင်းနေကြတာ ရှိတယ်ပေါ့။ အဲဒီလို ကိစ္စမျိုးတွေပေါ့။ ဥပမာ ရခိုင်ဒေသက ဒီလုံခြံုရေးအခြေအနေ၊ အနေအထားကိစ္စတွေဆိုလို့ရှိရင် နှစ်ဘက်ညှိနှိုင်းမှ ဖြစ်မယ့် ကိစ္စပေါ့။ အဲလို အနေအထားမျိုးပါ။”

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ AA အကြား ညှိနှိုင်းတာတွေ ရှိနေသလို ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရွေးကောက်ပွဲကာလကနေ စတင် ရပ်ဆိုင်းထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ NCA လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဒီဇင်ဘာလဆန်းမှာ စတင်နိုင်ဖို့ မျှော်လင့်ထားသလို ကြားခံအဖွဲ့တွေကနေ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိနေပါတယ်။


https://burmese.voanews.com/a/northern-alliance/5678641.html

No comments:

Post a Comment