မန့်နောင်ကောင်ကျေးရွာမှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တွေ နေရပ်မပြန်နိုင်သေး၊ NGO အဖွဲ့ စားသောက်ကုန် လာရောက်ကူညီပေးထား
လွေးနှင်းဖြူ၊ ရွှေဖီမြေ
အောက်တိုဘာ ၂ ရက်၊ မူဆယ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ်ခွဲမှာ စက်တင်ဘာလ ၁၈ ရက်ကတည်းက မန့်နောင်ကောင်ရွာ ဘုရားကျောင်းမှာ ရောက်ရှိနေတဲ့ မန်ဒေါင်ကျေးရွာခံ (၆၀)ကျော်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်က ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း(DRC)က လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားတွေ လာရောက်ကူညီပေးထားတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သန်ဘက်ခါလောက်ဆို သူတို့ပြန်တော့မှာ။ အခုတော့ ကျေးရွာအခြေအနေ စောင့်ကြည့်နေတယ်။ ရွာထဲစစ်ကြောင်းတွေ မရှိတော့ဘူးဆို ပြန်လို့ရပြီ။ စက်တင်ဘာ ၂၈ ရက်တုန်းကတော့ NGO အဖွဲ့က လိုအပ်တာ လာရောက် ကူညီပေးထားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ မန်ဒေါင်ကျေးရွာထဲက ဒေသခံတွေရဲ့ နေအိမ်ထဲက ပစ္စည်းတွေ ယူဆောင်သွားခံရတာ ရှိသလို နေအိမ်တံခါး ဖျက်ဆီးတာတွေလည်း ရှိတာကြောင့် ဒေသခံတွေဟာ နေရပ်ကို ပြန်ချင်နေကြတာ ဖြစ်တယ်လို့ ၎င်းကျေးရွာတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
“ကျေးရွာမှာတော့ တိုက်ပွဲတွေ မဖြစ်တော့ဘူး။ ဒါပေမဲ့ ဆုံးရှုံးမှုတွေရှိတယ်။ ကျေးရွာမှာ တချို့နေအိမ်တွေက စစ်ကြောင်းတွေ လာနေတော့ သူတို့စောင်တွေ၊ အိုးခွက်ပန်းကန်တွေ အကုန်ယူသွားတယ်။ ကြာလေ သူတို့ကျေးရွာတွေ ပိုဆိုးမှာစိုးလို့ သူတို့ပြန်မယ်လို့ ပြောကြတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ မူဆယ်မြို့နယ် မန်ကောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ကချင်တပ်မတော်(KIA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ(၂၂၈)ဦး တိမ်းရှောင်ခဲ့ရဖူးပါတယ်။
#တိုက်ပွဲရှောင် #နေရပ်မပြန်နိုင်သေး #DRC #မူဆယ်
#ဓာတ်ပုံ- Local
https://www.facebook.com/451214215694715/posts/801709113978555/
https://www.facebook.com/shwepheemyaynews/posts/801709113978555
No comments:
Post a Comment