ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်လမ်းနှင့် ရေလမ်းကြောင်းများမှ သွားလာမှုများကို ပိတ်ဆို့ခံနေရ သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယင်းသို့ ပိတ်ပင်ထားသောကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေရကာ လူမှု ကယ်ဆယ်ရေးအဖွဲ့များမှလည်း အချိန်နှင့်တပြေးညီ မကူညီနိုင်သဖြင့် ဆိုးဝါးသည့်အခြေအနေဖြစ်နေကြောင်း ပလက်ဝဒေသခံ ဦးကျော်အောင်က ပြောသည်။
“ကျနော်တို့မြို့နယ် ကုလားတန်းမြစ်ထဲမှာက အေအေကနေရာယူထားတဲ့အပိုင်းရှိသလို တပ်မတော်က တပ်ရင်း ချထားတဲ့ နေရာတွေရှိတယ်။ အဲဒီတော့ အေအေနဲ့တွေ့တဲ့အခါ စစ်ဆေးမှုတွေရှိသလို တပ်မတော်နဲ့ တွေ့ရင်လည်း စစ်ဆေးတာတွေလုပ်တယ် ပြီးရင်ပြန်ခိုင်းတယ်။ ဒီလမ်းကြောင်းတွေမှာ သွာရေး၊ လာရေး အခက် အခဲတော်တော်ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
ပလက်ဝမြို့နယ်တွင် အကြမ်းဆန် ၁ အိတ်လျှင် တစ်သိန်းလေးသောင်းကျပ်၊ ကြက်သွန်တစ်ပိဿာလျှင် ၆ ထောင်ကျပ်၊ ကြက်ဥတစ်လုံး ငါးရာကျပ်၊ နှာခေါင်းစည်း ၁ ခုလျှင် တစ်ထောင့်ငါးရာကျပ် စသည်ဖြင့် စားနပ်ရိက္ခာများကို စျေးကြီးပေးပြီးဝယ်ယူနေရကြောင်း ဒေသခံများထံမှသိရသည်။
“ကျနော်တို့ဘက်မှာတော့ စစ်တပ်ကတားဆီးတာတွေရှိတယ်။ ခလရ(၂၈၉)နဲ့ ကုလားတန်မြစ်အထဲ အခု တံတားလုပ်ထားတဲ့ နေရာတွေမှာ ဂိတ်ချပြီး တားဆီးတာတွေရှိတယ်” ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။
အဆိုပါဒေသ၌ ကုန်လမ်း၊ရေလမ်းခရီးသွားလာမှုများကို မြန်မာတပ်မတော်၏ ပလက်ဝဒေသအခြေစိုက် တပ်ရင်းများ၊ ချင်းပြည်နယ်အခြေစိုက်တပ်ရင်းများ၊ တပ်မ(၁၁)၊ တပ်မ(၅၅)၊ တပ်မ(၇၇)တို့မှ တင်းကျပ်စွာ ပိတ်ဆို့ထားကြောင်း ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းအပြင် ကုန်တင်ကားနှင့် စက်လှေတစ်စီးလျှင် တပ်မတော်က ငွေကျပ် ၅ သောင်းမှ ၂ သိန်းထိ ကောက်ခံ နေကြောင်းလည်း AA က စွပ်စွဲထားသည်။
AA ၏စွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကမူ တပ်မတော်က လုံခြုံရေးအရလမ်းများကို ပိတ်ဆို့ထားသလို AA ကလည်း တားဆီးပိတ်ပင်မှုများရှိ၍ ကုန်းလမ်းနှင့် ရေလမ်းတို့သွားလာရေးအဆင်မပြေ ဖြစ်နေကြောင်းဆိုသည်။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေခြင်းနှင့်ပတ်သတ်ပြီး စားနပ်ရိက္ခာများပို့နိုင်ရန် ကုန်းလမ်းကို အဓိကထားပြီး လုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးဦးစိုးထက်က DMG သို့ ပြောဆိုထားသည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/f-crisis-n-plw.html
No comments:
Post a Comment