Thursday, October 1, 2020

ခိုဖိတ်နဲ့ ပန်သပြေရွာကြားမှာ မီးရှို့သတ်ခံရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ နမ္မတူမြို့ထဲကဖြစ်၊ ကျူးလွန်သူကို ရဲတပ်ဖွဲ့က စုံစမ်းနေ

  ခိုဖိတ်နဲ့ ပန်သပြေရွာကြားမှာ မီးရှို့သတ်ခံရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ နမ္မတူမြို့ထဲကဖြစ်၊ ကျူးလွန်သူကို ရဲတပ်ဖွဲ့က စုံစမ်းနေ

မိုင်းရူကော၊ ရွှေဖီမြေ

အောက်တိုဘာ ၂ ရက်၊ နမ္မတူ

မနေ့ အောက်တိုဘာ ၁ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ခိုဖိတ်နဲ့ ပန်သပြေရွာကြားက လမ်းမကြီးဘေးမှာ မီးရှို့သတ်ခံရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ နမ္မတူမြို့တွင်းထဲမှာ နေထိုင်တဲ့ အသက် (၁၅)နှစ်အရွယ် အမျိုးသမီးငယ် ဖြစ်တယ်လို့ သိရပါတယ်။

၎င်းအမျိုးသမီးငယ်ရဲ့အလောင်းကို နမ္မတူမြို့ မေတ္တာရှင် နာရေးလူမှုကူညီရေးအသင်းက မနေ့က သွားရောက် သယ်ဆောင်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၃ နာရီမှာ သဂြိုလ်လိုက်ပါတယ်။

မေတ္တာရှင် နာရေးလူမှုကူညီရေးအသင်းမှ ကိုချစ်မွှေးက “မန်စံရဲကင်းမှူးက ဖုန်းလှမ်းဆက်လာတော့ ကျနော်တို့အသင်းက ရောက်သွားတယ်။ ရောက်သွားတဲ့အချိန် ရဲတွေက စစ်ဆေးပြီးပြီ။ မျက်နှာမှာ မီးရှို့ထားတဲ့ဒဏ်ရာကို တွေ့ရတယ်” လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်ဟာ နမ္မတူမြို့တွင်းမှာ နေထိုင်သူဖြစ်ကြောင်း၊ စက်တင်ဘာ ၃ဝ ရက် ည ၇ နာရီခွဲက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိပြီးနောက် ၈ နာရီဝန်းကျင်မှာ နေအိမ်ကနေ ထွက်သွားပြီး မနေ့မှာ သေဆုံးနေတဲ့ အလောင်းကိုသာ တွေ့ရှိခဲ့တယ်လို့ နမ္မတူမြို့နယ် တအာင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးအိုက်ငိုက ပြောပါတယ်။

“သူ့အမေ ပြောပုံအရဆိုရင်တော့ အဲည ၇ နာရီခွဲက ဖုန်းတစ်ခုလက်ခံရရှိပြီးတော့ အိမ်ကနေ ထွက်သွားတယ်။ မထွက်ခင် သူ့အမေက မေးသေးတယ်။ ဖုန်းဆက်တာ ဘယ်သူလဲပေါ့။ နားဆိုင်းရွာက သူငယ်ချင်းတစ်ယောက်ဆိုပြီး သူ့အမေကိုပြောတယ်” လို့ ဦးအိုက်ငိုက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်ဟာ သာမန်ရိုက်သတ်ခံရပြီး သေဆုံးသွားတာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် မီးရှို့သတ်ခံရတာ ဖြစ်နိုင်တယ်လို့လည်း အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျနော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက် အခု အပြင်ကို ရောက်နေပါတယ်။ အဓမ္မပြုကျင့်ခံရတာလား။ မသေခင် မီးရှို့တာလား။ သေပြီးမှ မီးရှို့တာလားဆိုတာနဲ့ ဘာအကြောင်းကြောင့် သေဆုံးလဲဆိုတာ ဆေးစာစစ်ဆေးချက်တော့ မလာသေးဘူးဗျ” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

အမျိုးသမီးငယ်ဟာ ၉ တန်း ဖြေဆိုအောင်မြင်ထားသူဖြစ်ပြီး (၁ဝ)တန်း တက်ရောက်ရမှာလည်း ဖြစ်ပါတယ်။

နမ္မတူကနေ လားရှိုးအထွက် ခိုဖိတ်နဲ့ပန်သပြေရွာ လမ်းမကြီးဘေးမှာ မီးရှို့ခံထားရတာဖြစ်ပြီး အလောင်းရဲ့ ဘေးပတ်ဝန်းကျင်မှာ အစိမ်းရောင် မီးခြစ်တစ်ခုကိုလည်း တွေ့ရှိခဲ့ကြောင်း၊ မျက်နှာပြင်တစ်ခုလုံး မီးရှို့ခံထားရပြီး လက်နဲ့ခြေထောက်တွေမှာလည်း ကုတ်ခြစ်ထားတဲ့ ဒဏ်ရာတွေ ရှိနေပါတယ်။

#အမျိုးသမီးငယ် #မီးရှို့သတ်ခံရ #သဂြိုလ် #ရဲတပ်ဖွဲ့ #လူမှုကူညီရေးအသင်း #နမ္မတူ

#ဓာတ်ပုံ- ချစ်မွှေး

https://www.facebook.com/451214215694715/posts/801684520647681/


https://www.facebook.com/shwepheemyaynews/posts/801684520647681

No comments:

Post a Comment