တပ်မတော်သားနှစ်ဦးအားသတ်ဖြတ်ခဲ့သူနှစ်ဦး၏ထွက်ဆိုချက်များကိုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်ထောင်စုအဆင့်)မှတစ်ဆင့် KNLA သို့ ပေးပို့ဆောင်ရွက်မည်

ဆက်သွယ်ရေးစတေရှင်မှ တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူနှစ်ဦး၏ထွက်ဆိုချက်များအား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်ထောင်စုအဆင့်)မှတစ်ဆင့် KNLA သို့ ပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၃ ရက်ညနေပိုင်းတွင်ထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဘိုတဲ ဆက်သွယ်ရေးစတေရှင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားနှစ်ဦးအား ဩဂုတ်လ ၃၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ တပ်မတော်သားနှစ်ဦး ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများအားယူဆောင်သွားသည့် ဖြစ်စဉ်တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား အောက်တိုဘာ ၁ ရက်တွင်ထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ဆက်သွယ်ရေးစတေရှင်မှ တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့စဉ် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ၎င်းတို့၏ထွက်ဆိုချက်များအရ KNLA တပ်မဟာ (၇) တပ်ရင်း(၁၀၁)မှ တပ်စုမှူးအဆင့်ရှိသူတစ်ဦး၏ ခိုင်းစေချက်အရ ၎င်းမှတစ်ဆင့်ချိတ်ဆက်ပေးသူ KNLA အဖွဲ့ဝင်စောနံပြားနှင့်အတူ ၎င်းတို့နှစ်ဦးမှပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းတို့နှစ်ဦး၏ထွက်ဆိုချက်များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level မှတစ်ဆင့် KNLA သို့ ပေးပို့သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဆက်စပ်သူများအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။
http://sdtimedaily.com/2020/10/03/kz445/

No comments:
Post a Comment