ကွတ်ခိုင်မြို့နယ် ဟိုဖျက်ကျေးရွာအနီး ၆ မိုင်အကွာမှာ တိုက်ပွဲဖြစ်
မိုင်းယိုင်နီ၊ ရွှေဖီမြေ
အောက်တိုဘာ ၃ ရက်၊ ကွတ်ခိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုဖျက်ကျေးရွာအုပ်စု ဟိုဖျက်ကျေးရွာနဲ့ ၆ မိုင်အကွာအဝေးမှာ ဒီနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက “ဒီမနက် ဆယ်နာရီကစပြီး သေနတ်သံတွေ ကြားနေရတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ ပစ်လိုက်ရပ်လိုက်နဲ့ ဖြစ်နေတာပါ။ လက်နက်ငယ်ရော လက်နက်ကြီး အသံတွေရော ကြားရတယ်။ ညနေပိုင်းလောက်မှာတော့ ရပ်သွားတယ်။ ဘာမှ မကြားရတော့ဘူး” လို့ ပြောပါတယ်။
ဟိုဖျက်ကျေးရွာအနီးမှာ ဒီနေ့အပါအဝင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
ဒေသခံတွေကတော့ တပ်မတော်နဲ့ တအာင်းတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ ပြောပေမယ့် PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးမိုင်းအိုက်ကျော်က ဒီနေ့မှာ ထိတွေ့မှုရှိမရှိ မသိရသေးကြောင်း ပြောပါတယ်။
“မနေ့ကတော့ တိုက်ပွဲက နှစ်နေရာ ဖြစ်ပွားခဲ့တယ်။ မိုးကုတ်မြို့နယ် ဟိုဝိတ်ကျေးရွာအထက်က တစ်နေရာနဲ့ ကွတ်ခိုင်မြို့နယ် မန်ပုံကျေးရွာအနီး တောင်ကုန်းတစ်နေရာမှာပါ” ဆိုပြီး ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
မန်ပုံကျေးရွာဥက္ကဌကလည်း မနေ့ညနေက ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
“မနေ့ညမှာတော့ သေနတ်သံတွေ ကြားရတယ်။ လက်နက်ငယ်ရော လက်နက်ကြီးရော ပစ်သံတွေ ကြားနေရတယ်။ ရွာနဲ့ အဲနေရာအကွာအဝေးတော့ လမ်းလျှောက်ရင် တစ်နာရီလောက်ကြာတယ်” လို့ ၎င်းက ပြောပါတယ်။
တပ်မတော်ဘက်က အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်ထိ တိယအကြိမ် ထပ်မံအပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲမှာ တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့အပြင် တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)နဲ့ ကချင်တပ်မတော်(KIA)တို့ သွားလာလှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။
#တိုက်ပွဲ #တပ်မတော် #ကွတ်ခိုင်
#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ
https://www.facebook.com/451214215694715/posts/802539497228850/
https://www.facebook.com/shwepheemyaynews/posts/802539497228850
No comments:
Post a Comment