Thursday, October 29, 2020

ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲပြုလုပ်ပေးရန် KACC တောင်းဆို

 ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲပြုလုပ်ပေးရန် KACC တောင်းဆို

By The Standard Time Daily -October 29, 2020

Share on Facebook


ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားရာ ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံမှုအခြေအနေရှိကြောင်း ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားသည့် ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပပေး နိုင်ရန် အလေးအနက်တောင်းဆိုကြောင်း ခူမီးချင်းမျိုးနွယ်စု များ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။


‘၁၂ နေရာဆိုတာအုပ်စုတွေပါ။ တချို့အုပ်စုတွေက ၄၀၀၊ ၅၀၀ရှိတယ်၊ ရွာတော်တော်များများပါတယ်။ ဆမီးနဲ့ မတူပီကြားမှာရှိတဲ့ ရွာတွေက ဘာမှမဖြစ်တာကိုး။ တိုက်ပွဲ မဖြစ်ဘူး။ ဘာမှမဖြစ်တဲ့ရွာတွေ မဖြစ်ဘူးဆိုတော့ နစ်နာတာ ပေါ့’ဟု ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ညှိနှိုင်းရေးမှူး ဆလိုင်းပိုင်နန်းက အောက်တိုဘာ၂၈ ရက်တွင် စံတော်ချိန်ကို ပြောသည်။


မိမိတို့ကောင်စီအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၉၄ ခု၌ရွေးကောက်ပွဲပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် အလွန်အံ့ဩတုန်လှုပ်မိပြီး မဲဆန္ဒရှင် ပြည်သူများကိုယ်စား များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


အမှန်တွင် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုများ အပါအဝင် စစ်ရေးပဋိပက္ခများကြောင့် ကျေးရွာအုပ်စုတချို့တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် အခက်အခဲများရှိနိုင်သော်လည်း ယခုကြေညာချက်တွင် ပါရှိသည့် ကျေးရွာအုပ်စု ၉၄ ခုအနက် အနည်းဆုံး ၁၂ ခုတွင် ရွေးကောက်ပွဲကို ကောင်းမွန်လုံခြုံစွာကျင်းပနိုင်ရန် လုံလောက် သောအခြေအနေများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း၌ ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်လေးခု၊ ဆီးမီးမြို့ ပေါ်ရှိ ရပ်ကွက်သုံးခုနှင့် ချင်းလက်ဝက် ကျေးရွာအုပ်စုဟူ၍ ရပ်ကွက်ကျေးရွာအုပ်စု ရှစ်ခုတွင်သာ ကျင်းပနိုင်မည်ဖြစ်ပြီး တစ်မြို့နယ်လုံးရှိ မဲပေးနိုင်သူ ဦးရေ ၁၀၀၀၀ နီးပါးသာ မဲပေးခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


KACC သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း လုံခြုံကောင်းမွန်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်ရေးကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဒေသခံပြည်သူများ အပေါ် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင်

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် ကြေညာသည်။


ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စု သည် ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများအဖြစ် သတ်မှတ် လိုက်ခြင်းကြောင့် မဲပေးပိုင်ခွင့်ရှိသူ ၅၇၆၆၄ ဦး မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ကြောင်း သိရသည်။

http://sdtimedaily.com/2020/10/29/shp32-27/

No comments:

Post a Comment