Thursday, October 29, 2020

တပ်စခန်းများရှိရာတွင် ရွေးကောက်ပွဲပြန်ကျင်းပမည်ကို ရခိုင်အမတ်လောင်းများဝေဖန်

 တပ်စခန်းများရှိရာတွင် ရွေးကောက်ပွဲပြန်ကျင်းပမည်ကို ရခိုင်အမတ်လောင်းများဝေဖန် 

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ထပ်မံထုတ်ပြန်ကြေညာခဲ့သည် 

Published on Oct 28, 2020
တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များတည်ရှိရာ အမ်းနှင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ကို ရခိုင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများက ဝေဖန်လိုက်သည်။ (ဓာတ်ပုံ - ပေးပို့) 

ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုသည့် ကျောက်ဖြူနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ ခုတွင် တပ်မတော်စခန်းများရှိနေသောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သာ အသာစီးရနိုင်သည်ဟု ထိုနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက ဝေဖန်လိုက်သည်။

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အမ်းမြို့နယ်အတွင်း ယခုပြန်လည်ကျင်းပခွင့်သည့် ကျေးရွာအုပ်စုများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်း ၁၀ ကျော်ရှိပြီး မဲပေးခွင့်ရှိသူ ထောင်ချီရှိနေကာ ယင်းမဲများသည် USDP ပါတီထံသို့ ရောက်သွားနိုင်သဖြင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကိုယ်စားပြုကာ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် ဦးစိုးသိန်းက ပြောသည်။ 

“တပ်မဲဆန္ဒနယ်ကိုပဲ မဲပေးပိုင်ခွင့်ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ အခြားဟာကို ချန်လှပ်ထားတယ် ဆိုတာကတော့ လုံးဝမဖြစ်သင့်ဘူး။ မဲဆန္ဒရှင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေလည်း ဆုံးပါးသလို မဲလက်ခံတဲ့ ကိုယ်စားလှယ်တွေအတွက်လည်း အများကြီးထိခိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကျေးရွာအုပ်စု ၄ ခုရှိ ကျေးရွာ ၁၈ ရွာတွင် ချင်းနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်သော်လည်း တပ်မိသားစုဝင်များ အများဆုံးနေထိုင်သဖြင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)၏ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်က ပြောသည်။

“တပ်မဲများလာတော့ အခက်အခဲပိုရှိတယ်။ ကိုယ်စားလှယ်လောင်းတွေကလည်းများတော့ မဲကွဲနိုင်တယ်။ တပ်မတော်နဲ့ တပ်မိသားစုမဲတွေက အဆမတန်များတော့ အခက်အခဲအများကြီးရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ်ရှိ အဆိုပါ ကျေးရွာအုပ်စု ၄ အုပ်စုတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာလိုက်ခြင်းသည် နိုင်ငံရေးထိုးနှက်ချက်ပုံစံမျိုးဖြစ်နေပြီး တရားမျှတမှုမရှိကြောင်းလည်း ဦးထွန်းထွန်းနိုင်က ပြောသည်။ 

အလားတူ ကျောက်ဖြူမြို့နယ်ရှိ ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုသည့် ကျေးရွာအုပ်စု သုံးအုပ်စုတွင်လည်း ဓညဝတီရေတပ်စခန်းဌာနချုပ်၊ တောင်မော်ကြီးရေတပ်စခန်း၊ တပ်ရင်း ၅၄၂၊ တပ်ရင်း ၅၄၃ တို့ပါဝင်နေသောကြောင့် တပ်မတော်နှင့်နီးစပ်သည့် ပါတီများသာ အားသာစေနိုင်ကြောင်း ANP ပါတီမှ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“အဲဒီမှာ ရခိုင်ရွာတွေလည်း ရှိတယ်။ ဒါပေမယ့် ရခိုင်တွေမှာ အိုးစားကွဲနေတယ်။ ပါတီက သုံးခုတောင် ဖြစ်နေတယ်။ ဆိုတော့ သူ့အမြင်၊ ကိုယ့်အမြင် ကွဲသွားမယ်။ စစ်တပ်ကသူတွေမှာတော့ ပြည်ခိုင်ဖြိုးတစ်ခုပဲ ထည့်မယ်”ဟု ၎င်းက ဆိုသည်။

သို့သော် အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမြသန်းကမူ တပ်မတော်သားများနှင့် တပ်မိသားစုများ အများအပြားရှိသော်လည်း အောင်နိုင်ရေးအတွက် အခက်အခဲမရှိကြောင်း ဆိုသည်။

“တစ်ချို့က ပြည်ခိုင်ဖြိုးကိုပဲပေးမယ်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ်။ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားတာရှိတယ်။ အရည်အချင်းရှိတဲ့သူကိုပဲ မဲပေးကြလို့ ပြောသွားတယ်။ ဒါကြောင့် လူကိုပဲ အခြေခံပြီး မဲပေးဖို့ မျှော်လင့်တယ်” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးမြသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ ခုရှိသည့်အနက် မြောက်ပိုင်းမြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝမပြုလုပ်ဘဲ ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ ဂွ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင်သာ နေရာပြည့်ကျင်းပသွားမည်ဖြစ်ကာ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေတို့တွင် နေရာကွက်ကျား ကျင်းပမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အတိုင်း အတည်ဖြစ်ပါက ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ စုစုပေါင်း ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်။

https://myanmar-now.org/mm/news/4840

No comments:

Post a Comment