Wednesday, October 28, 2020

ICRC ထောက်ပံ့ရေးမော်တော်အပစ်ခံရမှု တပ်မတော်ဘက်ကပြန်ရှင်း

 ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာခဲ့တဲ့ မော်တော်တစ်စင်းဟာ အောက်တိုဘာ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့ သတင်းမှားတွေသာဖြစ်တယ်လို့ တပ်မတော်ဘက်က တုန့်ပြန်လိုက်ပါတယ်။

တပ်မတော်စစ်ရေယာဉ် သုံးစင်းဟာ အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်း အောင်ဇေယျကျေးရွာကနေ ရသေ့တောင်မြို့ဘက်ကို ခုတ်မောင်းလာစဉ် အောင်ဇေယျကျေးရွာ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာက မင်းကျွန်းအနီးအရောက်မှာ အနောက်ဘက်ကမ်းက အရှိန်နဲ့မောင်းလာတဲ့ အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိတဲ့ စက်လှေပေါ်က အေအေ တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စက်လှေမီးလောင်ပြီး မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

အဲ့ဒီမော်တော်ဟာ ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်နယ်စပ်ကျေးရွာတွေမှာရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေကို စားနပ်ရိက္ခာထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့သွားနေတဲ့ မော်တော်ဖြစ်တယ်လို့ သိရကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကိုကျော်မင်းခိုင်က ပြောပါတယ်။မော်တော်ပစ်ခတ်ခံရမှုကြောင့် မီးလောင်ပြီး မော်တော်နစ်မြုပ်သွားခဲ့သလို ပါလာတဲ့ လူလေးဦးအနက် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး နှစ်ဦးမှာဒဏ်ရာအပြင်းအထန်ရရှိကာ တစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ စဖိုကျွန်းကျေးရွာသား ဦးကျော်အေးမောင်က ပြောပါတယ်။

ဒုက္ခသည်တွေဆီကို ရိက္ခာပစ္စည်းတွေသွားပို့တဲ့ ကုန်မော်တော်ရေယာဉ်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တွေကနေ ရသေ့တောင်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ ICRC ကုန်တင်မော်တော်ရေယာဉ်တစ်စင်းပါဝင်ကြောင်း ICRC က အတည်ပြုပြီးICRC ဝန်ထမ်းမပါဝင်ဘူး လို့ ICRC က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပစ်ခတ်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး မကြာခင်မှာပဲ မေယုမြစ်အတွင်းက မီးခိုလုံးကြီးတွေ ထွက်ပေါ်လာခဲ့တာကို ရသေ့တောင်မြို့ပေါ်ကနေ မြင်တွေ့ခဲ့ရတယ်လို့ ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

အဲ့ဒီနေရာအနီးမှာ ဒုက္ခသည်စခန်းသုံးခုရှိနေပြီး ဘူးသီးတာင်မြို့နယ်အတွင်းမှာ ခဆုံ၊ စေတီတောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်း မှာ ဆင်ခုန်းတိုင်စခန်းတွေဖြစ်ကြပြီး မေယုမြစ်ရဲ့အနောက်ဘက်ကမ်း မြို့နယ်နှစ်ခုအကြားမှာတည်ရှိတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ပစ်ခတ်မှုကြောင့် သေဆုံးသူတွေရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့တပ်မတော်ဘက်ထုတ်ပြန်ချက်မှာ မပါပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒဏ်ရာရသူတွေ ရှိတယ်ဆိုတာကို ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

ဒေသခံတွေဘက်ကတော့ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို နီးစပ်ရာကျေးရွာတစ်ရွာဖြစ်တဲ့ ပြင်ဝန်းကျေးရွာကို ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် နေ့လယ်ပိုင်းမှာ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးလိုက်ပြီလို့ ပြောပါတယ်။

ပျောက်ဆုံးနေသူတစ်ဦးကိုလဲ နေ့လယ်ပိုင်းမှာ အဲ့ဒီကျွန်းပေါ်က ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ကာ ကြောက်လန့်ပြီးတော့ ပုန်းနေတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်ခံရတဲ့ မော်တော်ဟာ စစ်တွေမြို့ကဖြစ်ပြီး စက်လှေသမားလေးဦးတို့ဟာ ဘယ်ကဆိုတာကို မသိရသေးပါဘူး။

မီးလောင်ပြီး နစ်မြုပ်သွားတဲ့မော်တော်ကို ဒေသခံကျေးရွာသားတွေက ကမ်းကပ်ထားပြီး ပါလာတဲ့ ရိက္ခာပစ္စည်းတွေကိုလည်း ဆယ်ယူပြီးတော့ စုဆောင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီမော်တော်မှာပါလာတဲ့ ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ပဲနဲ့ စားသောက်ကုန် အများစုကို တွေ့ရတယ်လို့ ကူညီကယ်ဆယ်မှု တွေပြုလုပ်နေကြတဲ့ ပြိန်းတောရွာသားတွေက ‌ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အကြားမှာရှိတဲ့ ကျေးရွာတွေဟာ ဝေးလံပြီး ဒေသအခြေအနေအရ သွားလာရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရတဲ့နေရာတွေဖြစ်ပါတယ်။

https://www.bbc.com/burmese/burma-54719477

No comments:

Post a Comment