ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေအတွင်း မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မနက်ပိုင်းက တပ်မတော်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်း စခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။
စခန်းတွေ အတိုက်ခံရမှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။
ဒေသခံတွေ အပြောအရဆိုရင်တော့ တိုက်ခိုက်ခံလိုက်ရတဲ့ စခန်းတွေဟာ ရသေ့တောင်မြို့နယ် အနောက်ဘက်အစွန်ဆုံးနဲ့ မောင်တောမြို့နယ်ရဲ့ အရှေ့တောင်ဘက် မြို့နယ်အစပ်နေရာမှာရှိတဲ့ ကျောက်ပန္ဒူကျော်လမ်းအတွင်းက တပ်မတော်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတပ်စခန်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။အဲ့ဒီလမ်းဟာ မေယုတောင်ကြောပေါ်မှာရှိပြီး မေယုတောင်တန်းရဲ့အနောက်ဘက်မှာရှိတဲ့ အငူမော်-မောင်တောကားလမ်းနဲ့ မေယုတောင်တန်းအရှေ့ဘက်ခြမ်းကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းတွေထဲက တစ်လမ်းဖြစ်ပါတယ်။
"ကျွန်တော်တို့ကတော့ ရွာထဲကနေပြီး အသံကြားရပါတယ်။ မနက်ပိုင်း ၈ နာရီလောက်ကနေ ၁၀ နာရီလောက်ထိတော့ ကြားလိုက်ရတယ်။ မေယုတောင်တန်းမှာ ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်ကို ကြားဖြတ်လမ်းဖောက်ထားတဲ့နေရာပါ။ကျောက်ပန္ဒူကျော်လမ်းလို့ခေါ်ပါတယ်။အဲ့ဒီနားမှာဖြစ်တယ်လို့ သိရပါတယ်။"လို့ စေတီပြင်ကျေးရွာသား ဦးထွန်းမြင့်က ပြောပါတယ်။
တပ်စခန်းတွေတိုက်ခိုက်ခံလိုက်ရလို့ အကျအဆုံးတွေရှိခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အဲ့ဒီအနီးဝန်းကျင်မှာ ကျေးရွာတွေမရှိတဲ့အတွက် ဖြစ်စဉ်နဲ့ပတ်သက်လို့ အတိအကျသိရှိနိုင်ဖို့ခက်ခဲတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်းကလည်း အင်းဒင်နယ်ခြားစောင့်စခန်းကနေ စေတီပြင်စခန်းကို တာဝန်ပြောင်းရွှေ့ ကြတဲ့အဖွဲ့နဲ့ အေအေတို့အကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် တပ်မတော်အရာရှိတွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ လဝက အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။ါ့အပြင် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အကြား အငူမော်-မောင်တော ကားလမ်းမပေါ်မှာလည်း တပ်မတော်နဲ့ အေအေတို့အကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီနေရာမှာ ယခင်က အခုလိုမျိုး တပ်စခန်းတွေမရှိဘဲ မကြာသေးခင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာ အသစ်ချထား တဲ့တပ်မတော်စခန်းတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲတွေအပြင်းအထန်ပြန်လည်ဖြစ်ပွားလာနေတဲ့အတွက် ရသေ့တောင်မြို့နယ်အတွင်းမှာ ကျေးရွာတွေကိုလက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ ဒုက္ခသည်တွေနဲ့ ဒေသခံတွေထိခိုက် သေဆုံးမှုတွေလဲ စက်တင်ဘာလအတွင်းကနေ မြင့်တက်လျက်ရှိနေပါတယ်။
ရသေ့တောင်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့ ကျေးရွာတွေအပါအဝင် လူတွေနေထိုင် လို့မရတော့တဲ့အတွက် စွန့်လွှတ်ထားခဲ့ရတဲ့ ကျေးရွာပေါင်း ၄၀ ကျော်အထိရှိနေပြီလို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ ကနေ သိရပါတယ်။
No comments:
Post a Comment