ရှမ်းပြည်နယ်တောင်ပိုင်းမှာ မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေကို သွားရောက်ပို့ဆောင်တဲ့ မော်တော်ယာဉ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့ဟာ မိုင်းပန်မြို့နယ်ကို မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး အပြန် တနင်္လာနေ့ နေ့ခင်း ၁နာရီလောက်က ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံအာဏာပိုင်တွေနဲ့ နီးစပ်သူ တစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ လင်းခေးကနေ မိုင်းပန်ကိုလာတယ်။ မိုင်းပန်ကိုလာပြီးတော့မှ နားမူကျေးရွာအုပ်စုကို မဲရုံကိစ္စနဲ့ သွားတာပေါ့ဗျာ။ မဲထည့်တဲ့ပုံးတို့ သွားအပ်ပြီး၊ သွားကြည့်ပြီး ပြန်ဆင်းလာတဲ့အချိန် ပန်ပိရွာရယ်၊ ပန်ပိနောင်ချိုရွာရယ်၊ ပန်ပိမိုင်းပုတ်ရွာရယ် အဲဒီရွာကနေပြီး ပြန်ဆင်းလာတော့ နောင်လေရွာအကျော်မှာ ပစ်တော့ အုပ်ချုပ်ရေးမှူးကို ၂ချက်ထိတယ်။ ရုံးက စာရေးက တစ်ယောက်ကို ပေါင်ကို ထပ်ထိတယ်။ သုံးချက်ပေ့ါဗျာ။”
ပစ်ခတ်ခံရစဉ်မှာ လင်းခေးခရိုင်အုပ်ချုပ်ရေးမှုးနဲ့ မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ဟာ ကား၂စီးသွားခဲ့ တာဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရတဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရုံးစာရေးကို မိုင်းပန်ဆေးရုံကို ပို့ဆောင်ပြီး ညနေပိုင်းမှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ပြောပါတယ်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတဲ့ဒေသဟာ NCA အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးထားတဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးကတော့ ဒီပစ်ခတ်မှုဟာ သူတို့ အဖွဲ့က မှားယွင်း ပစ်ခတ်တာဖြစ်ကြောင်း ပြောပါတယ်။
“လင်းခေးခရိုင်နဲ့ မိုင်းပန်မြို့နယ်က အုပ်ချုပ်ရေးမှူးတို့ ကားတန်းပေါ့လေ။ သူတို့ခရီးမသွားခင်မှာ မိုင်းပန်ဆက်ဆံရေးရုံးမှာ အရပ်ဘက် ဆက်ဆံရေးရုံးမှာ လာပြီးတော့ အကြောင်းကြားတယ်။ သူတို့က အသွားအပြန် နည်းနည်းစောတာရယ်။ ရှေ့တန်းရဲဘော်တွေ အဆက်အသွယ်အချိန်မမီလိုက်ရလို့ ကြားထဲက လွတ်သွားတဲ့အချိန်မှာ RCSS တပ်ဖွဲ့က လမ်းဖြတ်တဲ့အချိန်ပေါ့လေ။ လမ်းဖြတ်တဲ့အချိန်မှာ လမ်းလုံခြုံရေးယူတဲ့အဖွဲ့က ကားရုတ်တရက်ပေါ်လာခါကျတော့ အလန့်တကြားနဲ့ ပစ်ခတ်မှု ဖြစ်သွားတာပေါ့။ အထက်က အမိန့်နဲ့ ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ လုံးဝ မဟုတ်ဘူးပေါ့လေ။ ”
ပစ်ခတ်မှုအတွက် တာဝန်ရှိတဲ့ ရဲဘော်တွေကို ဌာနချုပ်က အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ရှမ်းပြည်နယ်က ရွေးကောက်ပွဲစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့က ကိုခွန်ဇော်ကတော့ ဒီပစ်ခတ်မှုကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ထိခိုက်မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ စိုးရိမ်ချက် တစ်ခုရှိတာကတော့ ပြည်သူလူထုတွေအနေနဲ့ လွတ်လွတ်လပ်လပ် မဲမပေးနိုင်မှာကိုပဲ ကျနောတို့ စိုးရိမ်တာပေါ့နော်။ အဲလိုမျိုးဖြစ်ရပ်မျိုးကြောင့်မို့ မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် ဆုံးရှုံးမှာတွေကို စိုးရိမ်မှုကတော့ ရှိပါတယ်။ ”
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်နဲ့ မြို့နယ် ၁၇မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃၀ ကျော်ကို လွတ်လပ်ပြီး တရားမျှတဲ့ အခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီလ ၁၆ ရက် နေ့က ထုတ်ပြန်ထားတာပါ။ ဒီလ ၂၇ရက်နေ့ကတော့ မူဆယ်၊ လားရှိုးနဲ့ ကွမ်းလုံမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃ခုကို ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေစာရင်းကနေ ပယ်ဖျက်ထားပါတယ်။
https://burmese.voanews.com/a/shan-south-election-used-car-attack-/5639245.html
No comments:
Post a Comment