Thursday, October 29, 2020

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို ICJ တရားရုံးတွင် တရားစွဲဆိုမှုအတွက် အချက်အလက်များ ပေးအပ်နေပြီဟု ကုလသမဂ္ဂ IIMM ထုတ်ပြန်

 လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို ICJ တရားရုံးတွင် တရားစွဲဆိုမှုအတွက် အချက်အလက်များ ပေးအပ်နေပြီဟု ကုလသမဂ္ဂ IIMM ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၉
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံးICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှုအတွက် သက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား(Independent Investigative Mechanism for Myanmar-IIMM) က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။
IIMM ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ တောင်းခံမှုကြောင့် IIMM ယန္တရားသည် သက်ဆိုင်ရာ အချက်အလက်များ‌ ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင်၊ ဂမ်ဘီယာနိုင်ငံသည်- အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation, OIC) အဖွဲ့ဝင် (၅၇) ဖွဲ့၏ ထောက်ခံမှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ အမှုတင်သွင်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် စာချုပ် (“ဂျန်နိုဆိုက် ကွန်ဗင်းရှင်း”) အား ဖောက်ဖျက်သည်ဟု အမှု၌ စွပ်စွဲထားကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် စာချုပ် အပိုဒ် (၉) အရ အမှုကို တင်သွင်းခဲ့ပြီး ၎င်းအပိုဒ်အားဖြင့် “လူမျိုးပြုန်းတီးစေမှုအတွက် တိုင်းပြည်တစ်ခုတွင်ရှိသော တာဝန်ဝတ်ဝတ္တရားနှင့် ပတ်သက်၍” နိုင်ငံများအကြား အငြင်းပွားမှုများကို ICJ တရားရုံးသို့ တင်သွင်းရန် ခွင့်ပြုထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် (၁၉၅၆) ခုနှစ် ကတည်းကစ၍ ဂျန်နိုဆိုက် ကွန်ဗင်းရှင်း သဘောတူညီချက်တွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အိုင်စီဂျေ တရားရုံးရှေ့မှောက်ရှိ ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ အမှုသည် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ ICJ ပြဌာန်းဥပဒေနှင့် လူမျိုးပြုန်းတီးစေမှု စာချုပ်တို့တွင် အဖွဲ့ဝင်ဖြစ်သည့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား “နိုင်ငံတခုမှ နိုင်ငံတခုသို့” တရားစွဲဆိုမှုဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ တောင်းခံမှုကြောင့် ယန္တရားသည် သက်ဆိုင်ရာ အချက်အလက်များ‌ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း၊ (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလ ( ၂) ရက်နေ့တွင် ကနေဒါနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သည် ဤအမှု၌ ဝင်ရောက်ပါဝင်ရန် ဆန္ဒရှိကြောင်း ကြေညာခဲ့ကြောင်း၊ မောလ်ဒိုက်စ်နိုင်ငံသည်လည်း ဝင်ရောက်ပါဝင်ရန် ၎င်း၏ဆန္ဒကို (၂၀၂၀) ခုနှစ်၊ ဖေဖေါ်ဝါရီလ ကတည်းက ကြေညာထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ၄၃/၂၆ ဖြင့် အိုင်စီစီ နှင့် အိုင်စီဂျေ တရားရုံးများအပါအဝင် နိုင်ငံတွင်း၊ ဒေသတွင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးများနှင့် ယန္တရားအကြား အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် နီးနီးကပ်ကပ်နှင့် အချိန်မှီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်က ရိုဟင်ဂျာ များအပေါ် အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ အပါအဝင် လူသားမဆန်သော စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲကာ ရိုဟင်ဂျာ ၁ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည်ဆိုသော လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှစတင်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

https://web.facebook.com/khitthitnews/posts/1049936048777074?__cft__[0]=AZUlJvn1_9DZnQtMdtwU3Q8ETvtFaqSRyDD2i6STdMCa-tIg-NGc7PSNuudmoqS_otncsbjyFEYJ2lrZ8ZHa5ijQg0MForbjEkTJ6zVPPzTQbPbXLWLxAz21E-_PWYHgDtgRtZpqOxNoGUwGZtLep1-h&__tn__=%2CO%2CP-R

No comments:

Post a Comment