Thursday, October 29, 2020

မင်းပြားဘက် ကျေးရွာတခုတွင်းပစ်ခတ်မှု ရွာသားသုံးဦး ဒဏ်ရာရ

 စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒီနေ့အစောပိုင်း ပစ်ခတ်မှုတွေကြာင့် မိန်းကလေး နှစ် ဦး အပါအဝင် ရွာသား သုံး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ် စက္ကရေကျေးရွာထဲ လက်နက်ကြီး ကျည်ကျရောက်ရာက ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိန်းကလေးနှစ်ဦးနဲ့ အမျိုးသား တဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း စက္ကရေကျေးရွာသူ မဖြူချေကပြောပါတယ်။

“ဟုတ်ကဲ့ လက်နက်ကြီး ဆိုးဆိုးရွားရွား ကျပါတယ်ရှင်။ သုံးယောက်အနာရနေတယ်။ မိန်းကလေး နှစ်ယောက်ပါ။ မိန်းကလေးတွေ အသက် ၁၄ နှစ်ကတယောက် ၁၃ နှစ်လောက်ရှိပါတယ်။ NAVY ကနေ စက်သေနတ်နဲ့ပစ်တယ်။ ရွာထိပ်က ပစ်တာပါ။ ရွာထိပ်က။”

လက်နက်ကြီး ကျည်ကျရောက်အပြီး ရာချီတဲ့ စက္ကရေကျေးရွာသားတွေကလည်း နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။က္ကရေကျေးရွာထဲ လက်နက် ကြီးကျည်ကျတဲ့ အခြေအနေကို မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလိုပြောပါတယ်။

“ဒီနေ့ NAVY နှစ်စီးက မင်းပြားကိုပစ္စည်းတင်ဖို့လာတာထင်တယ်။ အဲဒီလိုအဆင်းမှာ ပေါက်တောအလွန် သူတို့ရွာတွေ ဒီအတိုင်းပစ်ပြီး တက်လာတယ်ဆိုပြီးတော့ အဲဒီက ဒေသခံတွေကပြောတယ်။ ဒီစက္ကရေရွာကိုကျတဲ့အခါမှာ စက္ကရရွာမှာ ဒဏ်ရာရတာ လေး ဦးရတယ်။ သုံး ဦးကတော့အပြင်းထန်ပေါ့။”

ဒဏ်ရာရသူ သုံး ဦးကိုတော့ပေါက်တောမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှာ ရွှေဘုံသာမြစ် (ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

မနေ့ကလည်း ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေတစင်း ပစ်ခတ်ခံရမှုကြောင့် မီးလောင်ကျွမ်းသွားပြီး အနည်းဆုံး တဦးသေ၊ နှစ် ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရလို့ မီးလောင်သွားတဲ့စက်လှေဟာ ICRC က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာရင်း လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ဒဏ်ရာရသူလှေသမားတွေကို မေးမြန်းချက်အရ သိရတယ်လို့လည်း ပြိန်းတောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့က ICRC က ကယ်ဆယ်ရေးပစ္စည်းလို့ ပြောပါတယ်။ အဲဒီပစ္စည်းကို ဘူးသီးတောင်မြို့နယ် ဆင်ခုန်းတိုင်ကို သွားပို့တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာကဇက် NAVY ကတွေ့တာနဲ့က သူတို့က ICRC စာရွက် အထောက်ထားတွေကို သူတို့ကို ထုတ်ပြတယ်လို့ပြောပါတယ်။ သူတို့ဆီကပေးတဲ့ အထောက်အထား စာရွက်တွေ။ ပြတာနဲ့ သူတို့ ပစ်တာပါတဲ့။"

ပစ်ခတ်မှုအတွင်း သေဆုံးသူကတော့ မောင်ဇော်မိုးထွန်း ပုဏ္ဏားကျွန်းကဖြစ်ပြီး ဒဏ်ရာရသူကတော့ ဦးမူသဲ စနဲမြို့နဲ့ ဦးလှမောင် မြောက်ဦး မြို့နယ်ကလို့ စဖိုကျွန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကဆိုပါတယ်။ဒဏ်ရာရသူနှစ်ဦးကတော့ စစ်တွေမြို့ကို ခေါ်ဆောင်သွားပြီးလို့ စေတီပြင်ကျေးရွာလူမှုကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

ကနဦးသတင်းမှာတော့ လက်နက်ပစ်ခတ်နေစဉ်အတွင်း ရေထဲကျသွားတဲ့သူဟာ သေဆုံးပြီးလို့သတင်းပေါ်ထွက်ပေမဲ့ အသက်မသေ လွတ်မြောက်သွားခဲ့တာပါ။

မင်းပြားနဲ့ ရသေ့တောင်ဘက် တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့ကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောဆိုနေတာနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့နှောင်းပိုင်း ထုတ်ပြန်ချက်မှာတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေကနေ စတင်ပစ်ခတ်ရာက တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ICRC အနေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကြိုတင် အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးနေသလို လုံခြုံရေးအဖွဲ့တွေကလည်း လိုအပ်တာတွေ ကူညီ ပူးပေါင်းဆောင်ရွက်ပေးလေ့ ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

ICRC ကတော့ ပစ်ခတ်ခံရတဲ့ စက်လှေဟာ ICRC ရဲ့ အကူအညီပေးရေး ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပစ်ခတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စက်လှေပေါ်မှာ ICRC ဝန်ထမ်းတွေ လိုက်ပါတာ မရှိသလို၊ အနီးဝန်းကျင်မှာ မရှိကြောင်းလည်း ပြောဆိုထားတာပါ။ တပ်မတော်နဲ့ ICRC တို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ မရှင်းလင်းတဲ့ အချက်အလက်တွေကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ တပ်မတော်ဘက်ကို ဆက်သွယ်လို့ မရသေးသလို ICRC ကတော့ ထုတ်ပြန်ချက်ကိုသာ ကိုးကားဖို့ တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတုန်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်ရောဂါဆေးစစ် နမူနာတွေကို သယ်ဆောင်လာတဲ့ ကားတစင်း ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခအတွင်း အရပ်သား တွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကလည်း သတိပေးထားပါတယ်။

https://burmese.voanews.com/a/rakhine-conflict/5640085.html

No comments:

Post a Comment