စစ်တွေရှိ လူသွားလူလာများသည့် ကွန်ကရက်လမ်းပေါ်တွင် ဆေးမှုတ်ပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ အောက်တိုဘာ ၄/၂ဝ၂ဝ
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ လူသွားလူလာများသည့် လမ်းပေါ်တွင် စစ်ဆန့်ကျင်ရေး စာတန်းများကို ဆေးမှုတ်ရေးသားပြီး လှုပ်ရှားမှုတစ်ခုကို အမည်မသိသူများက ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
၎င်းလှုပ်ရှားမှုကို မီးသတ်ခွဆုံ၊ မြို့လယ်ရှိ ဘီလူးမတံတားနှင့် ဆတ်ရိုးကျတံတား ကွန်ကရစ်လမ်းပေါ်တွင် ဆေးနီများဖြင့် စာသားများရေးသားကာ လမ်းသွားလမ်းလားများ သတိပြုမိစေရန် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ရေးသားထားသည့် စာသားများမှာ “ No Bloody Government၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ Murder Army”စသည့် စာသားများပါဝင်သည်ဟု မျက်မြင်များက ပြောသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ စစ်တွေမှာ နေရာသုံးလေးခုလောက်မှာ လုပ်တယ်လို့ ကြားရပါတယ်။ ဘယ်သူလုပ်သလဲဆိုတာကိုတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။ ကျနော်တို့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့ ပြည်သူတွေက လုပ်တာလို့ဘဲ ထင်ပါတယ်” ဟု ပြောကြားသည်။
၎င်းလမ်းပေါ်တွင် ဆေးမှုတ်ရေးသားထားသော အနီရောင်စာတန်းများကို အောက်တိုဘာ ၄ ရက်နံနက်က မြင်တွေ့ခဲ့ကြရသည်ဟု သိရသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ စစ်ဆန့်ကျင်ရေးနှင့် ရခိုင်ပြည်နယ်တွင် စစ်ပွဲရပ်တန့်ရေးအတွက် လှုပ်ရှားမှုများကို ပြုလုပ်နေကြပြီး ထိုအထဲမှ ဗကသအဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့မှာ လှုပ်ရှားမှု ပြုရာတွင် ပါဝင်၍ ထောင် ၂ နှစ်ချမှတ်ခံထားရသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဦးဆောင်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နှင့် ကိုဦးသန်းနိုင်တို့ သုံးဦးလည်း စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် စစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာ၂၂ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာခဲ့သည်။ ၎င်းကျောင်းသား ၃ ဦးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ် (၁၉) ဖြင့် ဆက်လက် အမှု ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
-----------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၄/၂ဝ၂ဝ
https://burmese.narinjara.com/.../5f79d0a7bd1bbf34d1a09058
https://www.facebook.com/narinjara.info/posts/3666161650062552
No comments:
Post a Comment