Saturday, October 3, 2020

ကျောက်တော်မြို့နယ် မင်းသားတောင်ရွာထဲ လက်နက်ကြီးကျည်ကျရောက်ပြီးနောက် အဘွားတစ်ဦး လန့်ဖြတ်သေဆုံး

 ကျောက်တော်မြို့နယ် မင်းသားတောင်ရွာထဲ လက်နက်ကြီးကျည်ကျရောက်ပြီးနောက် အဘွားတစ်ဦး လန့်ဖြတ်သေဆုံး

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ အောက်တိုဘာ ၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာထဲသို့ လွန်ခဲ့သည့် ညဉ့်အချိန် ၁၂ နာရီခန့်က လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲပြီးနောက် အသက် (၉ဝ)ကျော်အရွယ်ရှိ အဘွားအို တစ်ဦး လန့်ဖြတ် သေဆုံးသွားခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

သေဆုံးသွားသည့်အဘွားအိုမှာ အသက် ၉၄ နှစ်အရွယ် ဒေါ်နှောင်းထွီးဖြူဖြစ်သည်။

မင်းသားတောင် ရွာလယ်ပိုင်းတွင် ရှိသည့် သူ၏အိမ်တွင် ပြီးခဲ့သည့်ညဉ့်အချိန်က မိသားစုနှင့် အတူအိပ်နေစဉ် ရွာထဲသို့ လက်နက်ကြီး ကျည်နှစ်လုံးကျရောက်ပေါက်ကွဲပြီးနောက် လန့်ဖြတ်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်မြဟိန်းက “အဲဒီအဘွားက ရောဂါထွေထွေထူးထူးလည်း မရှိဘူး။ ကျန်းမာရေးလည်း အရမ်းကောင်းတယ်။ ဒါပေမယ့် ညဉ့်အချိန်မှာ လက်နက်ကြီးတွေကျရောက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေက ကြောက်လန့်ပြီးတော့ အိမ်အပေါ်မှာ မနေရဲကြဘူး။ နောက်လည်း ဆက်ပစ်မလားမသိဘူးဆိုပြီးတော့ အိမ်အောက်ကိုဆင်းကြဖို့ အဲဒီအဘွားကိုခေါ်တော့ အဲဒီမှာ သေနေပြီ။ ကြောက်လန့်ပြီးသေဆုံးသွားတာပေါ့။”ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

မင်းသားတောင်ကျေးရွာအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညဉ့် ၁၂ နာရီအချိန်က ရွာ၏ အနောက်ဘက်ရှိ သောက်သုံးရေကန်နှင့် ရွာထွက်ဝလမ်းတို့တွင် လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးနှင့်တစ်လုံးသည် (၈)မိနစ်ခန့်ကြာသည်ဟု ရွာသားများက ပြောသည်။

သေဆုံးသွားသည့်အဘွား၏ရုပ်အလောင်းအား ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၂ နာရီခန့်တွင် သင်္ဂြိုလ်ခဲ့ကြသည်ဟုလည်း သိရသည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် ရွာထွက်ဝလမ်းအနီးရှိ ဒေါ်အမဲချေ၏နေအိမ်ခေါင်မိုးနှင့် ထရံအချို့ပေါက်ထွက်ပျက်စီးသွားပြီး ရွာနောက်ဘက်တွင်ရှိသော သောက်သုံးရေကန်အတွင်းရှိ ငါးအများအပြားလည်း သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

“ဒေါ်အမဲချေအိမ်က သွပ်မိုးပြီး အထပ်သား ကာထားတာ။ နည်းနည်းပါးပါးတော့ ပေါက်ထွက် သွားခဲ့တယ်။ လူထိခိုက်မှုတော့မရှိဘူး။ လက်နက်ကြီး နောက်တစ်လုံးကျတဲ့ကန်မှာက ငါးတွေသေပြီး ပုပ်သွားတော့ ရေက သုံးမရတော့ဘူး။ ညနေပိုင်းမှာ ကျန်းမာရေးဌာနက ဆရာမတွေရောက်လာပြီး ဒီရေကို ဆက်ပြီး သုံးသင့်/မသုံးသင့် ဓာတ်ခွဲစမ်းသပ်ရဦးမယ်။ ဒါကြောင့် လောလောဆယ် အသုံးမပြုကြဖို့ တားမြစ်သွားပါတယ်”ဟု ရွာ၏ ရပ်မိရပ်ဖ ဦးမောင်မြဟိန်းက ပြောသည်။

အဆိုပါရေကန်ကိုသာ ဆက်လက်သုံးစွဲ၍မရတော့လျှင် ယင်းကန်အနီးတွင်ရှိသော နောက်တစ်ကန်နှင့်လည်း ရွာသားများအတွက် သောက်သုံးရေလုံလောက်နိုင်မည်မဟုတ်ဟု ဆိုကြသည်။

ပြီးခဲ့သည့်ညဉ့်အချိန်က မင်းသားတောင်ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားမှုလည်းမရှိခဲ့ဘဲ ကျေးရွာထဲသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲလာခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယခုကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များမှာ ကျောက်တော်မြို့ဘက်က လာသည်ဟု ရွာသားတစ်ဦးဖြစ်သူ ကိုမောင်သိန်းလှိုင်က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ကျောက်တော်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို ဆက်သွယ်မေးမြန်းရာ သူက “ကျနော်လည်း မနက်လင်းမှ ကြားမိတယ်။ ရွာသားတွေနဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရဘူး။ ကျနော်လည်း ခရီးနည်းနည်းသွားနေတာနဲ့ သူတို့နဲ့ contact  မလုပ်ဖြစ်ဘူး။”ဟု ပြောသည်။

ယနေ့ညနေ ၆ နာရီခန့်ကလည်း ကျေးရွာအနီး လက်နက်ငယ်ပစ်သံများကို ကြားလိုက်ရပြီး လာမည့်ညဉ့်အချိန်တွင်လည်း ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်လာမည်ကို ရွာသားများ စိုးရိမ်ကြောက်လန့်နေကြသည်ဟု သိရသည်။

အဆိုပါ မင်းသားတောင်ကျေးရွာတွင် အိမ်ခြေ ၇ဝဝ ကျော်နှင့် လူဦးရေ လေးထောင်ခန့်ရှိသည်ဟုလည်း သိရသည်။

---------------------------------------------

Unicode -















ယခုကိစ်စနှင့ျပတျသကျပွီး တပျမတောျဘကျကို ဆကျသှယျသောျလညျး ဆကျသှယျ၍ မရခဲ့ပါ။




https://burmese.narinjara.com/.../5f79ee44bd1bbf34d1a0905a


https://www.facebook.com/narinjara.info/posts/3666516506693733

No comments:

Post a Comment